XianxiaBox
ဝူရှ ရှန်းရှ နှင့် စာပေအစုံအလင်
အခန်း (၉) - သန်းခေါင်ယံ မြေဂရန်တောင်းခြင်းနှင့်ကိုယ်စီအတွေးများ
ညစာစားပြီးနောက် အားလုံး ကိုယ့်အခန်းဆီသို့ ပြန်သွားကြသည်။
ကုတင်ပေါ်တွင် လှဲလျောင်းရင်း ချန်ချောင်ချွေ့သည် အသံတိုးတိုးဖြင့် မေးလိုက်၏။
"ကလေးအဖေ...အငယ်ကောင်က တကယ်ပဲ နည်းနည်း ပြောင်းလဲသွားသလိုပဲနော်"
ကြွေဇလုံကြီးကို တစ်ယောက်တည်း အပိုင်သိမ်းဆဲဖြစ်ပြီး အလိုလိုက်ခံထားရသည့်အတိုင်း ဂျီကျကာ ဇီဇာကြောင်နေဆဲဖြစ်သော်လည်း အနည်းဆုံးတော့ ယုန်ကို အိမ်ပြန်သယ်လာပြီး သူတို့ အသားစားခွင့် ရခဲ့သည် မဟုတ်ပါလော။
ဂျန်းထျန်း၏ အသံမှာ မနက်ကထက် များစွာ ပိုမိုယုံကြည်မှု ရှိနေပေသည်။
"ပြောင်းလဲသွားတာပေါ့ကွာ။ အရင်တုန်းကသာ ယုန်တွေ့ရင် သေချာပေါက် သွားရောင်းစားမှာ။ ဒီနေ့ကျတော့ အိမ်ကို ပြန်ယူလာပေးတယ်ဆိုတော့ ဒါက ပြောင်းလဲမှုတစ်ခု မဟုတ်ဘူးလား"
"အသားဝေပေးနေတုန်းက အဖေ မျက်ရည်သုတ်နေတာ မင်း မမြင်လိုက်ဘူးလား"
ချန်ချောင်ချွေ့ သက်ပြင်းချလိုက်၏။
"ပြောင်းလဲသွားတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ရုတ်တရက် အရမ်းဆန်လွန်းတယ်။ ကျွန်မ တကယ်ပဲ နည်းနည်း ကြောက်တောင် ကြောက်လာတယ်။"
"ဘာကို ကြောက်တာလဲဟ"
ချန်ချောင်ချွေ့ ကုတင်ပေါ်သို့ ထထိုင်လိုက်၏။
"အငယ်ကောင်က အဖေ့ကို ပျော်အောင်လုပ်ပြပြီးမှ လှည့်စားပြီး မြေဂရန်တွေ တောင်းဖို့ ကြံစည်နေတာများလား။ အိမ်မှာ တန်ဖိုးရှိတာဆိုလို့ အဲဒီ လယ်ကွက်လေးတွေပဲ ကျန်တော့တာလေ"
မိသားစု၏ လယ်မြေအားလုံးမှာ ဂျန်းယိုလင် စစ်သည်ဘဝနှင့် မုဆိုးဘဝတို့တွင် ရှာဖွေစုဆောင်းခဲ့ခြင်း ဖြစ်ပြီး မြေဂရန်များမှာလည်း သူ့လက်ထဲတွင်သာ ရှိနေဆဲ ဖြစ်သည်။
ဂျန်းထျန်း မျက်မှောင်ကြုတ်သွား၏။
"မင်း ဘာတွေ ပေါက်ကရ လျှောက်ပြောနေတာလဲ။ချန်လေးက အဲဒီလိုလူမျိုး မဟုတ်ပါဘူး"
"ဟုတ်တယ်"
ဂျန်းရှောင်ယွင်သည် စောင်အောက်မှ ခေါင်းပြူထွက်လာရင်း "ဒုတိယဦးလေးက လူကောင်းပါ၊ အဲဒီလို လုံးဝ လုပ်မှာမဟုတ်ဘူး"
ချန်ချောင်ချွေ့ စိတ်ပျက်လက်ပျက်ဖြင့် "ဒီကလေးမကတော့လေ ယုန်ပေါင်တစ်ချောင်းနဲ့တင် လာဘ်ထိုးခံလိုက်ရပြီပေါ့"
"ဒါနဲ့ ရှင် သွားမကြည့်ချင်ဘူးလား"
ချန်ချောင်ချွေ့က သူမ၏ ယောက်ျားကို လက်တို့လိုက်၏။
"အဖေသာ တကယ်ပဲ သတိလက်လွတ်ဖြစ်ပြီး ပေးလိုက်ရင် ရှင် အနည်းဆုံးတော့ ဖြောင်းဖျနိုင်သေးတာပေါ့"
"ဘာသွားတားရမှာလဲ။ အဲဒါတွေ အကုန်လုံးက အဖေ့လယ်တွေပဲလေ။ အဖေက ချန်လေးကို ပေးလိုက်ရင်တောင် ငါက ဘာပြောနိုင်မှာမို့လို့လဲ။ အိပ်တော့"
"ဒါပေမဲ့..."
ချန်ချောင်ချွေ့ စကားဆက်ပြောရန် ဟန်ပြင်လိုက်သော်လည်း ဂျန်းထျန်း၏ ဟောက်သံမှာ သူမဘေးမှ ထွက်ပေါ်နေပြီ ဖြစ်သည်။
သူမလည်း စိတ်တိုတိုဖြင့်သာ ပြန်လှဲအိပ်လိုက်ရတော့သည်။
ထိုအချိန်တွင် ဘေးအခန်းမှ ဂျန်းချန်သည် တံခါးကို အသာအယာတွန်းဖွင့်ကာ ဂျန်းယိုလင်၏ အခန်းထဲသို့ လျှောက်ဝင်လာပြီး အဖေ ဟုခေါ်လိုက်၏။
"ဟူး..."
အမှောင်ထုထဲတွင် ဂျန်းယိုလင်၏ သက်ပြင်းချသံ ထွက်ပေါ်လာပြီး စကားလုံးများဖြင့် ဖော်ပြမရနိုင်သော ခံစားချက်များ ပါဝင်နေပေသည်။
ဂျန်းချန် ချဉ်းကပ်လာသည်ကို ကြည့်ရင်း သူသည် ကုတင်ပေါ်မှ ထထိုင်ကာ မီးခွက်မှမီးစာကို သတိထား၍ မီးညှိလိုက်၏။
ထို့နောက် ခေါင်းအုံးအောက်မှ စာရွက်အစည်းအထုတ်တစ်ခုကို ထုတ်ယူလိုက်သည်။
"ဒါတွေက မိသားစုရဲ့ မြေဂရန်တွေပဲ"
ပြောရင်းဖြင့် သူသည် စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်၏။
"မင်း အစ်ကိုကြီးနဲ့ မရီးအတွက် နှစ်ဧက ချန်ထားပေးလိုက် ကျန်တာကိုတော့ မင်း ယူသွားချေ"
"မနက်ဖြန် စောစောသွားပြီး ချန်ဟွာနဲ့ သေချာ စကားပြောလိုက်ပါ။ အဲဒီကောင်မလေးက မင်းကို အထင်ကြီးနေပုံရတယ်၊ နည်းနည်း ချော့လိုက်ရင် အဆင်ပြေသွားမှာပါ"
ဂျန်းချန်သည် သူ့ဖခင်၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာသည်ကို ကြည့်ရင်း ခေတ္တ ကြောင်ငေးသွားခဲ့သည်။
ဘာအဓိပ္ပာယ်လဲဟ....
ချန်ဟွာကို သွားချော့ဖို့ မြေဂရန်တွေကို သူ့လက်ထဲ တိုက်ရိုက်ထည့်ပေးမယ် ဟုတ်လား။ သူ့ကို အချစ်ရူးတစ်ယောက် ဆက်လုပ်ခိုင်းနေတာလား။
ကူးပြောင်းမလာခင်ကတည်းက သူသည် အချစ်ရူးတစ်ယောက် မဟုတ်ခဲ့ပါဘဲနှင့် ကူးပြောင်းလာပြီးမှ အချစ်ရူး ဆက်လုပ်ရမည်တဲ့လား။
သူသည် ဂျန်းယိုလင်၏ လက်ထဲမှ မြေဂရန်အားလုံးကို ချက်ချင်း လှမ်းယူလိုက်ပြီးနောက် ခေါင်းအုံးအောက်သို့ အကုန်လုံး ပြန်ထိုးထည့်လိုက်သည်။
"အဖေ....ဘာတွေ လျှောက်တွေးနေတာလဲ"
"ကျွန်တော် မြေဂရန်တွေ လာတောင်းတာ မဟုတ်ဘူးဗျ။ ယုန်ဖမ်းနိုင်တဲ့ ထောင်ချောက်မျိုးကို ဘယ်လိုဆင်ရလဲ သင်ချင်လို့ လာတာပါ။"
ဂျန်းချန်က မြေဂရန်အားလုံးကို ဆွဲယူလိုက်သည်ကို တွေ့ရသောအခါ ဂျန်းယိုလင်၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင် ပေါ်လာခဲ့ပြီး မနက်ဖြန်တွင် သားကြီးကို မည်သို့ ရှင်းပြရမည်နည်းဟုပင် တွေးတောနေမိပေသည်။
သို့သော် ဂျန်းချန်က မြေဂရန်အားလုံးကို ပြန်ထည့်လိုက်သည်ကို တွေ့လိုက်ရပြီး အံ့အားသင့်နေစဉ်မှာပင် ဂျန်းချန်၏ စကားများကို ကြားလိုက်ရ၏။
သူ အချိန်အတော်ကြာ ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ "မင်း လာတာက ထောင်ချောက်ဆင်တာ သင်ချင်ရုံ သက်သက်လား"
ဂျန်းချန်က ပြောပြလိုက်၏။
"ဒီနေ့ ယုန်တွေ့တော့ အနားမှာ ယုန်တွင်းတစ်ခု တွေ့ခဲ့တယ်။ အဲဒီနားမှာ ထောင်ချောက်ဆင်ထားရင် နောက်ထပ် ယုန်တစ်ကောင် ထပ်မိနိုင်မလားလို့ စဉ်းစားမိလို့ပါ"
ဂျန်းယိုလင်က သူ့အား သံသယမျက်လုံးများဖြင့် ပြန်ကြည့်နေသည်ကို မြင်သောအခါ ဂျန်းချန်က ထပ်လောင်းပြောလိုက်၏။
"သားကောင်တွေကို ဖမ်းမိနိုင်ရင် နောက်ကျ အပြင်ထွက်တဲ့အခါ ကျွန်တော်က အထင်ကြီးစရာ အကောင်းဆုံး ဖြစ်မှာပေါ့"
ဂျန်းချန်သည် မျက်နှာရလိုမှု ကြောင့်သာ ထောင်ချောက်ဆင်ခြင်းကို သင်ယူလိုသည်ဟု ကြားလိုက်ရသည့်အခါ ဂျန်းယိုလင်သည် အမှန်တကယ်ပင် ယုတ္တိတန်သည်ဟု ယူဆသွားခဲ့လေသည်။ သူ့သားမှာ အစစအရာရာ ကောင်းသော်လည်း မျက်နှာပန်းလှလိုစိတ် အထင်ကြီးခံလိုစိတ် များလွန်းသဖြင့် အခြားလူများ၏ လှည့်စားခြင်းကို အလွယ်တကူ ခံရလေ့ရှိသည်။
ထိုလူပေလူတေများက စကားအနည်းငယ်ဖြင့် ထောင့်စေ့အောင် ပြောဆိုကာ အိမ်မှ စားနပ်ရိက္ခာများကို ခိုးယူရန် သွေးထိုးလှုံ့ဆော်နိုင်ခဲ့ခြင်းမှာ ဤအချက်ကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် သူ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး "တကယ်လို့ စွန့်ပစ်မထားတဲ့ ယုန်တွင်းအစစ်သာဆိုရင်တော့ ဒါက ဖြစ်နိုင်ခြေ ရှိပါတယ်။"
ပြီးနောက် ဘေးရှိ ဆီမီးခွက်ကို ကြည့်လိုက်သည်။
"မနက်ဖြန် မနက်ကျမှ ဒါကို ဆက်ပြောကြတာပေါ့။ ညဘက် မီးထွန်းထားတာ ငွေကုန်တယ်"
"ဪ၊ ဟုတ်သားပဲ"
ဤခေတ်သည် ခေတ်သစ်ကာလ မဟုတ်ကြောင်း ဂျန်းချန် အခုမှ သတိရလိုက်၏။
ဆီမီးဆီကို ချွေတာရန်အတွက် လူအများစုမှာ မိုးချုပ်သည်နှင့် အိပ်ရာဝင်လေ့ရှိကြသည်။
"ကောင်းပါပြီ၊ ဒါဆို မနက်ဖြန်မှ သင်တော့မယ်"
သူ လှည့်ထွက်မည်ပြုစဉ် နံရံတွင် ချိတ်ဆွဲထားသော လေးတစ်လက်ကိုပါ တွေ့လိုက်ရ၏။
"ပြီးတော့ လေးပစ်တာလည်း သင်ပေးပါဦး အဖေ"
"လေးတစ်လက်ကို ကိုင်ပြီး လမ်းမတွေပေါ် လျှောက်သွားရတာက တကယ့်ကို အထင်ကြီးစရာ ကောင်းတာဗျ"
လေးသည် ဂျန်းယိုလင်၏ အဖိုးတန်ရတနာဖြစ်သလို သူ့မိသားစု၏ ဝမ်းစာရှာဖွေရာ လက်နက်လည်း ဖြစ်သည်။
ယခင်က ဂျန်းချန်ကို မည်မျှပင် အလိုလိုက်ခဲ့ပါစေ၊ ဤလေးကိုမူ ကစားရန် လုံးဝ မကိုင်ခိုင်းခဲ့ပေ။
"သင်ပေးမယ်၊ သင်ပေးမယ် အခုတော့ အရင်သွားအိပ်ချေတော့"
ထိုအခါမှသာ ဂျန်းချန်သည် ကျေနပ်စွာဖြင့် အပြင်သို့ ထွက်ခွာသွားခဲ့သည်။
ဂျန်းယိုလင်သည် ဆီမီးခွက်ကို မှုတ်ထုတ်လိုက်ပြီးနောက် အမှောင်ထုထဲတွင် မျက်ရည်စများကို တစ်ဖန် ပြန်လည်သုတ်လိုက်မိပေတော့သည်။
သူ့သားအငယ်ဆုံးသည် မုဆိုးများကို အထင်ကြီးစရာကောင်းသည်ဟု ထင်မြင်သောကြောင့်သာဖြစ်စေ လေးပစ်သင်ယူရန် ကိုယ်တိုင် တောင်းဆိုလာခဲ့သည် မဟုတ်ပါလော။
တစ်ဆင့်ချင်း သွားမည်ဆိုပါက သူ့သားကို လမ်းမှန်ပေါ်သို့ ပြန်လည်ပို့ဆောင်ပေးနိုင်ပေလိမ့်မည်။
ဂျန်းချန် သူ့အခန်းဆီသို့ ပြန်ရောက်လာခဲ့၏။
အမှန်ဆို ဂျန်းမိသားစု၏ စီးပွားရေးအခြေအနေမှာ ယခင်က တောင်သုံးလုံးကျေးရွာတွင် အတော်လေး ကောင်းမွန်ခဲ့သည်။
သူတို့တွင်အဆောင်သုံးခုခန့် တည်ဆောက်ထားခဲ့ရာ အိမ်ခွဲနေလျှင်ပင် နေရာကျယ်ဝန်းစွာ နေထိုင်နိုင်ပေသည်။
ဂျန်းယိုလင်သည် စစ်မြေပြင်သို့ သွားရောက်ခဲ့ဖူးပြီး ဆုလာဘ်ငွေများ ရရှိကာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့သူ ဖြစ်သည်။
ပုံမှန်အားဖြင့်လည်း တောင်ပေါ်တွင် အမဲလိုက်လေ့ရှိသဖြင့် ဤမိသားစု စည်းစိမ်ဥစ္စာများကို စုဆောင်းနိုင်ခဲ့ခြင်းဖြစ်၏။ ထိုသို့မဟုတ်ပါက မင်္ဂလာဆောင်စရိတ် ငွေတေးနှစ်ဆယ်ကို မည်သို့ သဘောတူနိုင်ပါမည်နည်း။
သို့သော်လည်း ဂျန်းချန်၏ ဖြုန်းတီးမှုများနှင့် ဂျန်းယိုလင်၏ ဒဏ်ရာရရှိမှုတို့ကြောင့် ဂျန်းမိသားစု၏ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး ဗိုက်ဝအောင်ပင် မစားနိုင်သည့် အဆင့်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့ရသည်။
"ငါ ရောက်လာတာ ကံကောင်းသွားတယ်"
ဂျန်းချန် တိုးတိုးလေး ရေရွတ်လိုက်၏။
"မူလပိုင်ရှင်သာ ဆက်ရှိနေရင် ဒီမိသားစုရဲ့ ပိုင်ဆိုင်မှုတွေက နှစ်နှစ်တောင် မခံဘဲ ပြောင်သလင်းခါသွားလောက်တယ်"
ဂျန်းချန်၏ အခန်းတံခါး ပိတ်သံကို ကြားလိုက်ရသောအခါ ဟောက်သံပြုနေသော ဂျန်းထျန်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်ရှိ လရောင်ကို ငေးကြည့်နေမိသည်။
"အဖေက အငယ်ကောင်ကို မြေဂရန်တွေ တကယ် ပေးလိုက်ပြီလား။ ဘယ်လောက်တောင် ပေးလိုက်တာပါလိမ့်။"
ဂျန်းထျန်း စိတ်ပျက်လက်ပျက်ဖြင့် တစ်ဖက်သို့ စောင်းလိုက်ပြီးသူ စိတ်ထဲမှ တိတ်တဆိတ် ထပ်မံတွေးတောလိုက်၏။
"အကုန်လုံး ပေးလိုက်ရင်လည်း နွေဦးရောက်ရင် ငါ ရေရှည်အလုပ်ကြမ်းသမားအဖြစ် သွားလုပ်ရုံပေါ့... ကိုယ်တိုင်လည်း မိသားစု ပိုင်ဆိုင်မှုလေး နည်းနည်း ပြန်ရှာနိုင်မှာပါ၊ အနည်းဆုံးတော့ အငတ်ဘေးကြုံပြီး သေမသွားပါဘူးလေ"