XianxiaBox
ဝူရှ ရှန်းရှ နှင့် စာပေအစုံအလင်
အခန်း (၁၀) - တောကြက်အသိုက်
ထိုညက မိသားစုဝင်အားလုံး၏ စိတ်ထဲတွင် အတွေးကိုယ်စီ ရှိနေကြသည်ကို ဂျန်းချန်ကတော့ သဘာဝကျစွာပင် မသိရှိခဲ့ပေ။ အခန်းထဲသို့ ပြန်ရောက်ပြီးနောက် ကုတင်ပေါ်၌ လှဲချလိုက်၏။
သူသည် လိပ်ခွံကို တစ်ချက် ကြည့်လိုက်ရာ အစိတ်အပိုင်း အများစုမှာ တောက်ပစွာ ပြန်လည်လင်းလက်နေပြီ ဖြစ်သော်လည်း အပေါ်ပိုင်းတစ်ဝက်မှာမူ မွဲခြောက်ခြောက် အဖြူရောင် ဖြစ်နေဆဲပင်။
"ဒီနှုန်းအတိုင်းဆိုရင် မနက်ဖြန်ကျရင် နောက်တစ်ကြိမ် ဗေဒင်ထပ်တွက်လို့ ရလောက်ပြီ"
ဂျန်းချန်သည် မူလက လိပ်ခွံကို ပြန်လည်စွမ်းအင်ပြည့်လာသည်အထိ အောင့်အီးစောင့်ဆိုင်းရန် ကြိုးစားခဲ့သော်လည်း ဤနေရာတွင် အခြား အပန်းဖြေစရာ မရှိသဖြင့် သိပ်မကြာမီမှာပင် သူ အိပ်ပျော်သွားခဲ့တော့သည်။
ပြန်နိုးလာသောအခါ နောက်တစ်နေ့သို့ ရောက်ရှိနေပြီဖြစ်ပြီး ကောင်းကင်တစ်ခုလုံး လင်းထိန်နေပြီ ဖြစ်သည်။
ဂျန်းချန်သည် လိပ်ခွံကို ချက်ချင်း စစ်ဆေးကြည့်လိုက်ရာ ထင်ထားသည့်အတိုင်းပင် အလင်းရောင်များ အပြည့်အဝ ပြန်လည်တောက်ပနေပြီဖြစ်ရာ အချိန်မရွေး ဗေဒင်စတင်တွက်ချက်နိုင်ပြီ ဖြစ်သည်။
သူသည် လိပ်ခွံကို ဖွင့်ကာ ဗေဒင်တွက်ရန် ပြင်လိုက်သော်လည်း ပြန်လည် ရပ်တန့်လိုက်သည်။
"ငါ အရင်ဆုံး ထောင်ချောက်ဆင်တာကို သင်ထားသင့်တယ်။ မဟုတ်ရင် အချိန်ကန့်သတ်ချက်ပါတဲ့ ဟောကိန်းဝါးခြမ်းပြားမျိုး ထွက်လာရင် သွားဖို့ အချိန်မမီဘဲ အလဟဿ ဖြစ်သွားလိမ့်မယ်"
ဂျန်းချန် ထရပ်ကာ မျက်နှာသစ်ရန် ခြံဝင်းထဲသို့ ထွက်လာခဲ့၏။
ချန်ချောင်ချွေ့သည် အိပ်ရာစောစောထလေ့ရှိသူ ဖြစ်သည်။ သူမသည် ထမင်းဟင်းများ ချက်ပြုတ်ပြီးစီးနေပြီဖြစ်ရာ ဂျန်းနန်းဝမ်နှင့် ဂျန်းရှောင်ယွင်တို့ကို ထမင်းစားရန် လှမ်းခေါ်နေပေသည်။
ဂျန်းနန်းဝမ် ခုန်ပေါက်ထလာကာ "ဒီနေ့ရော အသားစားရမှာလား"
ဂျန်းနန်းဝမ်အား အဝတ်အစားများ ဝတ်ပေးရင်း ချန်ချောင်ချွေ့က ပြောလိုက်၏။
"မနေ့က အရိုးတွေကို သုံးပြီး စွပ်ပြုတ်လုပ်ထားတယ်၊ ပြီးတော့ တောဟင်းသီးဟင်းရွက် ဆန်ပြုတ်ပါ ချက်ထားတယ်။ မွှေးနေတာပဲ။"
"သား စားချင်တယ် သား စားချင်တယ်"
ဂျန်းချန် ထိုစကားကို ကြားလိုက်ရသောအခါ အနည်းငယ် ရွံရှာသလို ခံစားလိုက်ရသည်။
မနေ့ကမှ ပြောင်သလင်းခါအောင် ကိုက်ဝါးထားသော အရိုးများကို ဟင်းရည်ထပ်ကျိုရန် သုံးနေကြဆဲ ဖြစ်သည်။ သူတို့သည် မည်သည့်အရာကိုမျှ အလဟဿ အဖြစ်မခံကြပေ။
မိသားစုဝင်တွေ အချင်းချင်း ဖြစ်သော်လည်း သူ စိတ်ထဲတွင် မသတီသလို ခံစားနေရဆဲပင်။
စားပွဲတွင် ထိုင်ချလိုက်ပြီး ဆီစက်အချို့ သန်းနေသော တောဟင်းသီးဟင်းရွက်ခွက်ကို ကြည့်ရင်း ဂျန်းချန် တူကို မကိုင်ရက်အောင် ဖြစ်နေသည်။
သူသည် နှံစားပြောင်းဆန်ပြုတ်ကိုသာ မော့သောက်လိုက်ရာ လည်ချောင်းထဲတွင် ကျိန်းစပ်စပ် ဖြစ်သွားသဖြင့် ပြန်ထွေးထုတ်လုနီးပါး ဖြစ်သွားခဲ့သည်။ လည်ချောင်းကို ကုတ်ခြစ်နေသလို အလွန် ကြမ်းတမ်းလှ၏။
"ငါ့မှာ ငွေရှိလာရင်တော့ အဆင့်မြင့် ကောက်ပဲသီးနှံတွေကို မဖြစ်မနေ ရှာဝယ်ရမယ်။ ဒီနှံစားပြောင်းကတော့ တကယ်ကို စားရဆိုးလွန်းတယ်"
ချန်ချောင်ချွေ့သည် ဆန်ပြုတ်တစ်ငုံ သောက်လိုက်ပြီးနောက် ဘေးရှိ ဂျန်းထျန်းကို ကြည့်ကာ ခြေထောက်ဖြင့် လှမ်းကန်လိုက်သည်။
ဂျန်းထျန်းကမူ သတိမထားမိသကဲ့သို့ ခေါင်းပင်မမော့ပေ။
ချန်ချောင်ချွေ့ မကျေမနပ်ဖြစ်သွားပြီး ဂျန်းယိုလင်ဘက်သို့ တိုက်ရိုက်လှည့်ကာ မေးလိုက်သည်။
"အဖေ မနေ့ညက အငယ်ကောင် အဖေ့အခန်းထဲ ဘာသွားလုပ်တာလဲဟင်။ မီးတောင် ထွန်းထားကြတာ တွေ့လိုက်ရလို့ပါ"
ဂျန်းယိုလင်သည် ဆန်ပြုတ်တစ်ငုံကို ဖြည်းညင်းစွာ သောက်လိုက်ပြီးမှ ပြောလိုက်သည်။
"သူ ယုန်ကောက်ရတုန်းက အနားမှာ ယုန်တွင်းတစ်ခု တွေ့ခဲ့တယ်တဲ့ ဒါကြောင့် ထောင်ချောက်ဆင်တာ သင်ပေးဖို့ လာပြောတာပါ"
ထောင်ချောက်ဆင်ဖို့ သင်တယ်...
ချန်ချောင်ချွေ့ ဂျန်းချန်အား မယုံသလို ကြည့်လိုက်၏။
"ဒါပဲလားဟင်"
"ဒါပဲပေါ့ မဟုတ်ရင် ညည်းက ဘာထင်လို့လဲ"
ဂျန်းယိုလင်က တောဟင်းရွက်တစ်လုတ် ဝါးရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
မနေ့ညက သူကိုယ်တိုင်ပင် အံ့အားသင့်ခဲ့ရသော်လည်း ယခုအခါ ချွေးမဖြစ်သူရှေ့တွင် တည်ငြိမ်သလိုဟန်ဆောင်နေခြင်းကို မတားဆီးနိုင်ပေ။
အမြဲတစေ တင်းမာနေသော ဂျန်းထျန်း၏ မျက်နှာထားမှာ နောက်ဆုံးတွင် ပြေလျော့သွားခဲ့တော့သည်။
သူ မထိန်းချုပ်နိုင်ဟု ပြောခဲ့သော်လည်း သူ့စိတ်ထဲတွင် မစိုးရိမ်ဘဲ မည်သို့ နေနိုင်ပါမည်နည်း။
တောဟင်းရွက်စားနေသော ဂျန်းနန်းဝမ်သည် ယုန် ဟူသော စကားလုံးနှစ်လုံးကိုသာ ကြားလိုက်ရသဖြင့် မော့ကြည့်ကာ မေးလိုက်သည်။
"ယုန်လား..ဒုတိယဦးလေး၊ ယုန်ထပ်ဖမ်းမလို့လားဟင်"
"ထောင်ချောက်သွားဆင်ရုံပါပဲ၊ တစ်ခုခု မိချင်မှလည်း မိမှာပါ။"
ဂျန်းချန်သည် ဝါးခြမ်းပြား မဆွဲရသေးသဖြင့် ယနေ့ မည်သည့်အကျိုးအမြတ် ရမည်ကို မသိသေးပေ။
ဂျန်းထျန်းက မော့ကြည့်ကာ "ငါ မင်းနဲ့ လိုက်ခဲ့ပေးရမလား။ လမ်းကြုံ ထင်းခွေလို့ ရတာပေါ့"
"မလိုက်ပါနဲ့။ ကျွန်တော် ဟိုဟိုဒီဒီ လျှောက်သွားကြည့်ရုံပါပဲ"
ဂျန်းချန်သည် သူ၏ မူလစရိုက်ပုံစံအတိုင်း စိတ်မရှည်သလို ပြန်ဖြေလိုက်သည်။
ချန်ချောင်ချွေ့ စိတ်အေးသွားပြီး မျက်လုံးများ ပြုံးယောင်သန်းလာကာ "ကောင်းတယ်၊ ယုန်ဖမ်းတာ ကောင်းတယ်။ကျန်တဲ့ ယုန်တစ်ဝက်နဲ့ ယုန်သားမွှေး ကို ကောက်ပဲသီးနှံ နည်းနည်းနဲ့ သွားလဲလိုက်မယ်။ ဒါဆို နောက်ထပ် နှစ်ရက်လောက်တော့ ခံဦးမှာပါ"
"ကလေးအဖေ၊ ရှင်လည်း အခုလောလောဆယ် ကောက်ပဲသီးနှံ သွားချေးဖို့ မလောနဲ့ဦး"
"ကောင်းပါပြီ။"
ဂျန်းထျန်းကလည်း သဘောတူကာ ခေါင်းညိတ်လိုက်၏။
ကောက်ပဲသီးနှံ ချေးငှားခြင်းသည် လယ်ယာမြေကို အပေါင်ထားရမည်ဖြစ်ရာ မဖြစ်မနေ အခြေအနေမှအပ ထိုကဲ့သို့ အကြွေးနွံထဲ မည်သူမျှ မနစ်ချင်ကြပေ။
ထမင်းစားပြီးနောက် ဂျန်းယိုလင်သည် ဂျန်းချန်အား လက်ယပ်ခေါ်လိုက်၏။
"လာ လာ ထောင်ချောက် ဘယ်လိုလုပ်ရလဲ ငါ သင်ပေးမယ်"
မနေ့က အသားစားခဲ့ရသောကြောင့်ဖြစ်စေ စိတ်ကြည်လင်နေသောကြောင့်ဖြစ်စေ ဂျန်းယိုလင်၏ မျက်နှာသွင်ပြင်မှာ များစွာ ပိုမိုကောင်းမွန်နေပေသည်။
သူသည် ဂျန်းချန်အား စိတ်အားထက်သန်စွာ ရှင်းပြတော့၏။
"ယုန်လို သားကောင်ငယ်လေးတွေကို ဖမ်းဖို့ဆိုရင် အရမ်းကြီး ရှုပ်ထွေးတာတွေ မလိုပါဘူး..."
ဂျန်းချန် အတော်များများ တတ်မြောက်သွားချိန်တွင် နေ့လယ်ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဖခင်ဖြစ်သူအား အခန်းထဲသို့ တွဲပို့ပေးပြီးနောက် ဂျန်းချန်သည် သူ့အခန်းသို့ ပြန်လာကာ လိပ်ခွံကို ဆင့်ခေါ်လိုက်သည်။
လိပ်ခွံပေါ်တွင် အလင်းရောင်များ လင်းလက်နေသည်ကို ကြည့်ရင်း လက်ညှိုးဖြင့် အသာအယာ တို့ထိလိုက်၏။
ရှဲခနဲ ဆိုသည့် အသံခပ်တိုးတိုးနှင့်အတူ လိပ်ခွံအတွင်းမှ ဟောကိန်းဝါးခြမ်းပြား သုံးချပ် ထွက်ပေါ်လာခဲ့သည်။
[အနည်းငယ် မင်္ဂလာရှိသောဟောကိန်း- တောင်နက်လေး ၏ ခြေရင်းတွင် တောကြက်အချို့သည် ချုံပုတ်များကြား၌ ခန္ဓာကိုယ် အနွေးဓာတ်ယူလေ့ရှိသည်။ ညနေစောင်းတွင် ချဉ်းကပ်သွားပါက အကျိုးအမြတ်အချို့ ရရှိနိုင်သည်။]
[အလယ်အလတ် မင်္ဂလာရှိသောဟောကိန်း- အနက်ရောင်တောင်ငယ်လေး၏ တောင်ဘက်စောင်းတွင် သမင်နီတစ်ကောင် ကျက်စားနေသည်။ အမဲလိုက်လေးကို ယူဆောင်သွားပါက အကျိုးအမြတ်အချို့ ရရှိနိုင်သည်။]
[ကြီးမားသော နိမိတ်- ဝံပုလွေဘုရင်ဟောင်းသည် တောင်နက်လေး ၏ မြောက်ဘက်တောင်ခြေသို့ နှင်ထုတ်ခံခဲ့ရသည်။ အကယ်၍ သင်သည် ဝံပုလွေသားမွှေး ကို ရရှိနိုင်ပါက စည်းစိမ်ဥစ္စာ အမြောက်အမြား ရရှိနိုင်သည်။ သို့သော် ဝံပုလွေဘုရင်၏ တိုက်ခိုက်မှုကို သင် သတိထားရမည်။]
ဟောကိန်းဝါးခြမ်းပြား နှစ်ချပ်မှာ မပြောင်းလဲသေးပေ။
"သမင်နီနဲ့ ဝံပုလွေဘုရင်က ထွက်မသွားသေးဘူး ထင်တယ်" ဟု ဂျန်းချန် စိတ်ထဲမှ တွေးတောမိသည်။
"စောင့်နေကြစမ်းပါ။ ငါ လေးပစ်တတ်သွားတာနဲ့ မင်းတို့နှစ်ကောင်စလုံး လွတ်မယ်မထင်နဲ့"
ဝံပုလွေဘုရင်....
ထိုသားမွှေးသည် အနည်းဆုံး ငွေတေး ဆယ်ဂဏန်းအချို့ တန်ပေလိမ့်မည်။
သမင်နီကလည်း အနည်းဆုံး ငွေတေး တစ်တေး သို့မဟုတ် နှစ်တေး တန်ပေလိမ့်မည်။ သို့သော် အလယ်အလတ် မင်္ဂလာရှိသောဟောကိန်း ကို မြင်နေရပါလျက် လက်တွေ့မလုပ်ဆောင်နိုင်ခြင်းက သူ့အား အမှန်တကယ်ပင် စိတ်မရှည်နိုင်အောင် ဖြစ်စေသည်။
သို့သော် အနည်းငယ် စဉ်းစားပြီးနောက် သူသည် သမင်နီနှင့် ဝံပုလွေဘုရင်ကို ခေါင်းထဲမှ ထုတ်ပစ်လိုက်၏။
သူသည် အနည်းငယ် မင်္ဂလာရှိသောဟောကိန်း အမှတ်အသားပါသည့် တောကြက် ဟောကိန်းဝါးခြမ်းပြားလေးကို ကောက်ယူလိုက်သည်။ ယခုအချိန်တွင် သူ့အတွက် အသင့်တော်ဆုံးမှာ ကျွမ်းကျင်မှု မလိုသော ဤကဲ့သို့ အမဲလိုက်နည်းသာ ဖြစ်သည်။
ဆောင်းရာသီတိုင်းတွင် တောကြက်များသည် အအေးဒဏ်ကို ကာကွယ်ရန် အုပ်စုလိုက် စုဝေးနေတတ်ကြ၏။
အုပ်စုတစ်စုတွင် အနည်းဆုံး သုံးလေးကောင် ရှိတတ်သည်။ အကယ်၍ အားလုံးကို ဖမ်းမိနိုင်ပါက မိသားစုတစ်ခုလုံး ကောင်းကောင်းကြီး စားသောက်ရန် လုံလောက်ပေလိမ့်မည်။
သို့သော် တောကြက်များသည် လန့်သွားပါကပြေးလွှားပျံသန်းသွားတတ်သဖြင့် ဖမ်းဆီးရန် အလွန်ခက်ခဲသွားတတ်သည်။
"ငါ တတ်နိုင်သလောက် ဖမ်းရမယ်။ အစ်ကိုကြီးကို ခေါ်သွားရမလား။ ဒါပေမဲ့ ရှင်းပြရ ခက်လိမ့်မယ်..."
ခဏစဉ်းစားပြီးနောက် ဂျန်းချန် ထိုအကြံကို ပယ်လိုက်သည်။
ပထမအချက်မှာ သူ့စရိုက်ပုံစံက အရမ်းမြန်မြန် ပြောင်းလဲသွား၍ မဖြစ်ပေ။ မိသားစုက သူ့ကို သရဲပူးနေသည်ဟု သံသယဝင်သွားပါက မကောင်းချေ။
ဒုတိယအချက်မှာ တစ်ယောက်ယောက် နောက်မှ လိုက်လာပါက တောကြက်သိုက်ကို သူ မည်သို့ ရှာတွေ့ခဲ့သည်ကို အမှန်တကယ် ရှင်းပြနိုင်မည် မဟုတ်ပေ။
ဂျန်းချန် လောဘမကြီးပေ။မနက်ဖြန်ကျလျှင်လည်း နောက်တစ်ကြိမ် ဗေဒင်ထပ်တွက်နိုင်သည် မဟုတ်ပါလော။
ဟောကိန်းဝါးခြမ်းပြားသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားသည်ကို ကြည့်ရင်း တောကြက်သိုက်၏ တည်နေရာကို အတည်ပြုနိုင်ခဲ့သည်။
ဂျန်းချန် ခြံဝင်းထဲသို့ သွားကာ ခိုင်ခံ့သော ဝါးခြမ်းပြားအချို့နှင့် ကျစ်ထားသော မြက်ကြိုးအချို့ကို ရှာဖွေလိုက်၏။
သူ့အဖေ သင်ပေးခဲ့သော ထောင်ချောက်မှာ အရိုးရှင်းဆုံး ဝါးထောင်ချောက်ဖြစ်သည်။လျှော်ကြိုး သို့မဟုတ် မြက်ကြိုးကို သုံး၍ ကွင်းလျှောတစ်ခု ပြုလုပ်ကာ ဝါးခြမ်းပြားနှစ်ခုကို ဖိညှပ်ထားပြီး ကွင်းလျှောကို ထိန်းထားခြင်း ဖြစ်သည်။
သားကောင်သည် ထိုကွင်းလျှောထဲသို့ ခြေချလိုက်သည်နှင့် ဝါးခြမ်းပြားများမှာ အပေါ်သို့ ရုန်းကန်ကန်တက်သွားပြီး သားကောင်ကို လေထဲတွင် တွဲလောင်းဆွဲထားလိုက်မည် ဖြစ်သည်။ ယုန်ကဲ့သို့ သားကောင်ငယ်များအတွက် အလွန်ပင် ထိရောက်လှပေသည်။
အဆင်သင့်ဖြစ်သည်နှင့် ဂျန်းချန် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သူ ထွက်ခွာတော့မည့်ဆဲဆဲတွင် ဂျန်းနန်းဝမ်သည် မည်သည့်နေရာမှ ထွက်လာမှန်းမသိဘဲ
ဂျန်းချန်၏ ခြေထောက်ကို လာဖက်လိုက်၏။
"ဒုတိယဦးလေး ဒုတိယဦးလေး ယုန်သွားဖမ်းမလို့လားဟင်"
"ဟုတ်တယ်"
"သားကို ခေါ်သွားပါ။ သားလည်း လိုက်ချင်တယ်။ သားလည်း ယုန်ဖမ်းတတ်တယ်"
ဂျန်းနန်းဝမ်မှာ ငယ်ရွယ်သေးပြီး မနေ့က အသားတစ်နပ် စားခဲ့ရသဖြင့် သူ့အပေါ်ထားရှိသော သဘောထားမှာ လုံးဝ ပြောင်းလဲသွားခဲ့၏။
ယခုဆိုလျှင် လာရောက်ဂျီကျဝံ့သည်အထိပင် ဖြစ်နေချေပြီ။
ဂျန်းချန် နောက်သို့ လှည့်ကြည့်လိုက်ရာ ဂျန်းရှောင်ယွင်ကလည်း ထောင့်တစ်နေရာတွင် ပုန်းလျက် သူ့အား စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
တောကြက်သိုက်မှာ တောင်ခြေရင်းတွင်သာ ရှိသဖြင့် သိပ်မဝေးလှပေ။
ကလေးနှစ်ယောက် ကူညီပေးပါက တောကြက်များ မလန့်ပျံမီ နောက်ထပ်တစ်ကောင် ပိုဖမ်းမိနိုင်ကောင်း ဖမ်းမိနိုင်ပေလိမ့်မည်။
ဂျန်းချန် တွေဝေနေသည်ကို တွေ့ရသဖြင့် ဂျန်းနန်းဝမ်သည် မျှော်လင့်ချက် တွေ့သွားကာ ခုန်ပေါက်အော်ဟစ်တော့သည်။
"ဒုတိယဦးလေး၊ သားကို ခေါ်သွားပါ ခေါ်သွားပါနော်"
နောက်ဆုံးတွင် ဂျန်းချန် ခေါင်းညိတ်လိုက်ပြီး "ခေါ်သွားလို့တော့ ရတယ်၊ ဒါပေမဲ့ မင်းတို့ လိမ္မာရမယ်။ စကားနားမထောင်ရင် ချက်ချင်း ပြန်ပို့ပစ်မယ်"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့ သားတို့ လိမ္မာပါ့မယ်၊ သေချာပေါက် စကားနားထောင်ပါ့မယ်"
"ရှောင်ယွင်၊ မင်းရော လိုက်ချင်လား"
ဂျန်းရှောင်ယွင် ချက်ချင်း ထွက်လာကာ "မောင်လေးကို ထိန်းပေးဖို့ သမီး လိုက်ပါ့မယ်"
ဂျန်းနန်းဝမ်က လှည့်ကြည့်ကာ မျက်စောင်းထိုးလိုက်၏။
"ကျွန်တော်အသက် ခြောက်နှစ်ရှိပြီ အစ်မ ထိန်းပေးဖို့ မလိုတော့ဘူး"
"အား မမက ဘာလို့ သားကို လာဆွဲဆိတ်တာလဲ"
ဂျန်းချန် အသာအယာ ပြုံးလိုက်ပြီးနောက် မျက်နှာထားကို ချက်ချင်း ပြန်တင်းလိုက်သည်။
"တိတ်တိတ်နေကြစမ်း"
"ဟုတ်"