XianxiaBox
ဝူရှ ရှန်းရှ နှင့် စာပေအစုံအလင်
အခန်း (၈) - မူလစရိုက်က မြန်မြန်ဆန်ဆန်ကြီးပြောင်းသွားလို့ မဖြစ်ဘူး
ချန်ချောင်ချွေ့သည် စားပွဲပေါ်ရှိ ယုန်ကို လက်ညှိုးထိုးပြလိုက်၏။
"ဒီမှာလေ"
ဂျန်းနန်းဝမ် ယုန်ကို တွေ့လိုက်ရသောအခါ ချက်ချင်းပင် အပြေးအလွှား ခုန်အုပ်ပြီး တင်းတင်းဆုပ်ကိုင်ထားတော့သည်။
"ဝိုး... အကြီးကြီးပဲ။ ဒီည သားတို့ အသားစားရတော့မယ်"
"ဘာအသား စားရမှာလဲ ဒါက ကောက်ပဲသီးနှံတွေနဲ့ သွားလဲရမှာ"
ချန်ချောင်ချွေ့က ချက်ချင်း ဖြတ်ပြောလိုက်၏။
ဂျန်းယိုလင်သည် မုဆိုးတစ်ဦး ဖြစ်သော်လည်း သူရရှိသော သားကောင်အများစုမှာ စားနပ်ရိက္ခာနှင့်သာ လဲလှယ်ရလေ့ရှိပြီး မိသားစုအနေဖြင့် ရောင်းမရသော ကလီစာများကိုသာ တစ်ခါတရံ စားသုံးခွင့်ရကြခြင်း ဖြစ်သည်။
သို့သော် ဂျန်းချန်က ကြားဖြတ်ပြောလိုက်၏။
"ကျွန်တော်တို့ဘာသာပဲ စားကြရအောင်ပါ။ ဒါကို ချက်စားလိုက်ရင် အဖေ့ခန္ဓာကိုယ် အားရှိသွားဖို့ အကောင်းဆုံးဟင်းပဲ ပြီးတော့ ဂျန်းနန်းဝမ်နဲ့ ရှောင်ယွင်တို့ကလည်း ကြီးထွားနေတဲ့အရွယ်တွေ မဟုတ်လား"
"နောက်တစ်ခါ သားကောင် ထပ်ရလာရင်တော့ ရိက္ခာနဲ့ သွားလဲပေးပါ့မယ်"
သူသည် ထိုနှံစားပြောင်းဆန်ပြုတ်ကို လုံးဝ ထပ်မသောက်ချင်တော့ပေ။ ရေဓာတ်သာ ဗိုက်ထဲပြည့်သွားပြီး အာဟာရလုံးဝမဖြစ်ဘဲ အသုံးမဝင်လှချေ။
"ဒါကတော့..."
ချန်ချောင်ချွေ့သည် သူမ၏ ယောက္ခမဘက်သို့ လှည့်ကြည့်လိုက်၏။ အိမ်ခွဲနေရန် မလုပ်ရသေးသရွေ့ ဂျန်းမိသားစုတွင် ဂျန်းယိုလင်ကသာ နောက်ဆုံး အဆုံးအဖြတ်ပေးနိုင်သူ ဖြစ်သည်။
"ချန်လေး ယူလာတာပဲ။ သူ စားချင်တယ်ဆိုရင်လည်း စားပါစေလေ"
ဂျန်းယိုလင် လက်ဝှေ့ယမ်းကာ ထိုကိစ္စကို အဆုံးသတ်လိုက်၏။ ခုနက အဖြစ်အပျက်များကြောင့် သူသည် ယုန်တစ်ကောင်ကိစ္စကို စိတ်ဝင်တစား ဂရုစိုက်မနေနိုင်တော့ပေ။
"ဒါဆို ရပြီ"
ချန်ချောင်ချွေ့ လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး မပြုံးဘဲ မနေနိုင်တော့ပေ။
ကလေးနှစ်ယောက် အသားမစားရသည်မှာ ကြာမြင့်လှပြီဖြစ်ရာ ဂျန်းချန်က အများဆုံးစားသွားလျှင်ပင် ကလေးများ အသားအရသာ ပြန်လည်မြည်းစမ်းခွင့်ရခြင်းမှာ ကောင်းမွန်သည့် ကိစ္စတစ်ခုပင်။
သူမသည် ယုန်ကို အရေခွံခွာရန် ခြံဝင်းထဲသို့ ယူသွားပြီး ကလေးနှစ်ယောက်ကလည်း ကြည့်ရှုရန် ချက်ချင်း နောက်မှ ပြေးလိုက်သွားကြတော့သည်။
တစ်ချိန်တည်းမှာပင် ထိတ်လန့်တုန်လှုပ်နေသော ဆွန်းကျင်မေ့သည် ချန်ဟွာကို ဆွဲခေါ်ရင်း ကျန်းမိသားစုအိမ်၏ ကွယ်ရာအထိ တစ်ဟုန်ထိုး ပြေးလာခဲ့သည်။
ရပ်လိုက်သည့်တိုင် ချန်ဟွာမှာ အသိစိတ်မကပ်သေးဘဲ အော်ဟစ်နေဆဲပင်။
“အမေ... ယုန် ယုန်လေ”
“ဘာယုန်လဲ”
“ဂျန်းချန်က သမီးတို့ကို ယုန်ပေးမယ်လို့ ပြောထားတာလေ။ အမေ ယူဖို့ မေ့ခဲ့တာလား”
“နင် ဘာတွေ အိပ်မက်မက်နေတာလဲ။အဲဒီကောင် ရူးသွားပြီဟဲ့။ နင့်ကို ယုန်ပေးလိမ့်မယ်လို့ ထင်နေလား။အိမ်ပြန်ပြီး ဆန်ပြုတ်ပဲ သောက်စမ်းပါ”
“မသောက်ဘူး။သမီး အသားစားချင်တယ်။ ဒါတွေအားလုံး အမေ့အပြစ်ပဲ။ အဲဒီလိုစကားတွေ ဘာလို့ သွားပြောရတာလဲ”
ချန်ဟွာသည် မိခင်၏လက်ကို ခါထုတ်လိုက်ပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ ထိုင်ချကာ လက်နှစ်ဖက်ကို ရမ်းခါရင်း ဂျီကျနေတော့သည်။
ဆွန်းကျင်မေ့ကတော့ ခါးထောက်ထားရင်း သူမလုပ်ခဲ့တာ ဘာမှမမှားဟု ယုံကြည်နေဆဲပင်။
“ငါ သူ့ကို လူပေလူတေလို့ ခေါ်တာ ဘာဖြစ်လို့လဲ။ သူက အစတည်းက လူပေလူတေလူရှုပ်တစ်ယောက်ပဲ မဟုတ်ဘူးလား”
“မင်္ဂလာဆောင်စရိတ် ငွေတေးငါးဆယ်နော်။ ငွေတေးငါးဆယ်ကြီးတောင်”
ချန်ဟွာက လက်ချောင်းငါးချောင်း ထောင်ပြရင်း မျက်နှာရှုံ့မဲ့ကာ ပြောသည်။
“သမီးတစ်သက်နဲ့တစ်ကိုယ် အဲဒီလောက်များတဲ့ ငွေစတွေကို တစ်ခါမှ မမြင်ဖူးဘူး”
ဆွန်းကျင်မေ့က သူမလက်ကို ပြန်ဖိချလိုက်၏။
“နင် ဘာတွေ စိုးရိမ်နေတာလဲ။ အခု သူ သောင်းကျန်းနေတာကို မကြည့်နဲ့ဦး။ သူသာ မိန်းမမရနိုင်တော့ရင် သူကိုယ်တိုင် ထူပူပြီးပျာယာခတ်လာမှာပေါ့”
“မနက်ဖြန်မနက် နင့်အတွက် အောင်သွယ်တစ်ယောက် ရှာပြီး မင်္ဂလာစကားပြောခိုင်းလိုက်မယ်။ အောင်သွယ်ရောက်လာတာ သူမြင်သွားရင် ဒူးထောက်ပြီး တောင်းပန်ဖို့ သေချာပေါက် ပြန်လာလိမ့်မယ်”
“တကယ်လား”
“တကယ်ပေါ့အေ။ အဲဒီအချိန်ကျရင် ငွေတေးငါးဆယ်တောင် မလောက်တော့ဘူး။ ငွေတေးခြောက်ဆယ် တောင်းကြတာပေါ့။ နင်လိုချင်တဲ့ တခြားပစ္စည်းတွေကိုလည်း စိတ်ကြိုက်တောင်းလို့ရတယ်။ အရင်တုန်းကလိုပဲ သူ့ကို မျှော်လင့်ချက်ပေးပြီး ဆွဲထားလိုက်ရုံပဲ”
ချန်ဟွာ၏ မျက်လုံးများမှာ ထိုအနာဂတ်မြင်ကွင်းကိုပင် ကြိုမြင်နေသကဲ့သို့ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်လာတော့သည်။
သူမ မတ်တတ်ရပ်ကာ တင်ပါးပေါ်က ဖုန်များကို ပုတ်ထုတ်လိုက်၏။
“ဒါဆို ဒီနေ့ သမီးတို့ ဘာစားကြမှာလဲ”
“အိမ်မှာ ဝက်ဆီနည်းနည်း ကျန်သေးတယ်။ ငါ နင့်အတွက် ဝက်ဆီထမင်း နယ်ပေးမယ်...”
ထိုစကားကြားမှသာ ချန်ဟွာသည် မချင့်မရဲဖြင့် အားမရှိသလို လမ်းလျှောက်ကာ အိမ်ပြန်သွားတော့သည်။
သို့သော် သူမ၏စိတ်ထဲမှာတော့ ဂျန်းချန် ယုန်ကို ဘယ်လိုစားမလဲဆိုတာ တွေးနေဆဲပင်။
တစ်ဝက်လောက် ချန်ထားပြီး မနက်ဖြန် သူမထံလာတောင်းပန်ရင်း ယူလာပေးမလားဟုတောင် မျှော်လင့်နေမိ၏။
အခြားတစ်ဖက်တွင်မူ ဂျန်းချန်ကို မိန်းမပေးစားရန် ငွေတေးငါးဆယ် ပေးစရာမလိုတော့ကြောင်း သိလိုက်ရပြီးနောက် ချန်ချောင်ချွေ့သည် စိတ်ပေါ့ပါးသွားကာ ဂျန်းချန်အပေါ် ယခင်ထက် ပိုမိုမျက်နှာသာပေးလာတော့သည်။
သူမသည် ယုန်သားကို သွက်လက်စွာ ချက်ပြုတ်ပြီး ကြွေဇလုံကြီးထဲ ထည့်ကာ ဧည့်ခန်းရှိစားပွဲပေါ် တင်လိုက်၏။ ထို့နောက် နားရွက်ဖျားများကို ကိုင်ကာ အပူပြေအောင်လုပ်လျက် အော်လိုက်သည်။
“မြန်မြန်လာကြနော်။ အခု စားလို့ရပြီ”
“အရမ်းမွှေးတာပဲ”
ဂျန်းနန်းဝမ်သည် စားပွဲဘေးတွင် အချိန်အတော်ကြာ စောင့်နေခဲ့ပြီး အနံ့ကို အားပါးတရ ရှူရှိုက်နေပေသည်။
လက်လှမ်းနှိုက်ရန် ပြင်လိုက်သော်လည်း ဂျန်းထျန်းက တူဖြင့် သူ့လက်ဖမိုးကို ခတ်ခနဲ ရိုက်ချလိုက်၏။
ဂျန်းနန်းဝမ်က လက်ကို အမြန်ပြန်ဆုတ်ကာ ဂျန်းယိုလင်ကို သနားစဖွယ် ကြည့်လိုက်သည်။
“အဖိုး အရင်စားနော်...”
ဂျန်းယိုလင် ပြုံးလိုက်ပြီး သစ်သားဇွန်းဖြင့် ဟင်းရည်တစ်ခွက် ခပ်လိုက်ရာ ဂျန်းချန်က ချက်ချင်းထရပ်ပြီး အသားတုံးကြီးနှစ်တုံးကို သူ့အဖေ၏ ခွက်ထဲ ထည့်ပေးလိုက်၏။
“အဖေ့ဒဏ်ရာက မကျက်သေးဘူး။ များများစားပါ”
ထို့နောက် ဂျန်းထျန်းနှင့် ချန်ချောင်ချွေ့တို့အတွက်လည်း ဟင်းရည်နှင့် အသား တစ်ယောက်တစ်ဇွန်းစီ ခပ်ထည့်ပေးလိုက်သည်။
“အစ်ကိုကြီးနဲ့ မရီးတို့က အလုပ်အပင်ပန်းဆုံးပဲ။ များများစားကြပါ”
“မလိုပါဘူး။ ငါ ဟင်းရည်လေးပဲ သောက်ပါ့မယ်...”
ချန်ချောင်ချွေ့သည် မသိစိတ်အရ အသားများကို ကြွေဇလုံထဲ ပြန်ထည့်ရန် ကြိုးစားလိုက်၏။
“စားပါ မရီးရယ်။ မနက်ဖြန်ကျရင်လည်း ထပ်ရှိဦးမှာပါ”
ဂျန်းချန်က ကလေးနှစ်ယောက်ကို ကြည့်ပြီး ကြွေဇလုံထဲမှ ယုန်ပေါင်တစ်ချောင်းကို မကာ မေးလိုက်သည်။
“ဘယ်သူ ဒါကို လိုချင်လဲ”
ဂျန်းနန်းဝမ်က ခွက်ကို ချက်ချင်း ထိုးပေးလိုက်၏။
“သား..သား သား လိုချင်တယ်”
“နေဦး။ ခုနကတင် ငါ့အကြောင်း မကောင်းပြောနေတာ ဘယ်သူလဲ”
ဂျန်းချန်က တမင်တကာ ရပ်လိုက်၏။
ဂျန်းနန်းဝမ်က ချက်ချင်း အော်လိုက်ကာ “ဒုတိယဦးလေးက အကောင်းဆုံးပဲ။ ဒုတိယဦးလေးက အကောင်းဆုံးပဲ”
“ဟားဟားဟား...”
ဂျန်းချန် စိတ်ထဲ အတော်လေး ကျေနပ်သွား၏။ နောက်ဆုံးတော့ သူ့တူလေးရှေ့မှာ သူ့ပုံရိပ်ကို ပြန်တည်ဆောက်နိုင်လေပြီ။
ယုန်ပေါင်ကို ဂျန်းနန်းဝမ်၏ ကြွေခွက်ထဲ ထည့်ပေးပြီးနောက် ဂျန်းရှောင်ယွင်ဘက် လှည့်ကြည့်လိုက်သည်။
ထိုအချိန် ဂျန်းရှောင်ယွင်က ခေါင်းငုံ့ထားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားလေသည်။ လက်နှစ်ဖက်ဖြင့်လည်း ခွက်နှုတ်ခမ်းသားကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။
ဂျန်းချန် မူလက သူမကို စနောက်မည်ဟု တွေးထားသော်လည်း ထိုဟန်ပန်ကို မြင်လိုက်ရသည့်အခါ ဆယ့်နှစ်နှစ်အရွယ် မိန်းကလေးငယ်သည် အရှက်တရားကို စတင်နားလည်တတ်နေပြီဆိုတာ သဘောပေါက်လိုက်၏။
သူ စိတ်ထဲမှ ပြုံးလိုက်ပြီး ယုန်၏ နောက်ပေါင်တစ်ချောင်းကို သူမခွက်ထဲ ထည့်ပေးလိုက်သည်။
“ရှောင်ယွင်က နေ့တိုင်း မိသားစုအတွက် ပင်ပင်ပန်းပန်း လုပ်ပေးနေတာဆိုတော့ အကြီးဆုံးအပိုင်းကို ရသင့်တာပေါ့”
ခွက်ကို ဆုပ်ကိုင်ထားသော ဂျန်းရှောင်ယွင်၏ လက်များ နောက်ဆုံး၌ ပြေလျော့သွားတော့သည်။
“ကျေးဇူးတင်ပါတယ် ဒုတိယဦးလေး...”
“စားကြ၊ စားကြ။ မလောက်ရင် ထပ်ရှိသေးတယ်”
ဂျန်းချန် အသားတွေ ဝေပြီးသည်နှင့် စားပွဲဝိုင်းတစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။
ထွက်နေသည့်အသံဆို၍ ဂျန်းနန်းဝမ်၏ အသားဝါးစားသံသာ ရှိသည်။
ဂျန်းယိုလင်နှင့် အခြားသူများကတော့ သရဲတစ္ဆေတစ်ကောင် မြင်လိုက်ရသကဲ့သို့ ဂျန်းချန်ကို ကြောင်ကြည့်နေကြ၏။
သူတို့ရှေ့ကလူက... တကယ့် ဂျန်းချန်အစစ် ဟုတ်ပါလေစ။
အသားခွဲဝေပြီးသွားသည်နှင့် ဂျန်းချန် ပြုံးလိုက်ကာ ကြွေဇလုံကို သူ့ဘက် ဆွဲယူလိုက်သည်။
“ကဲ... ကျန်တာတွေအားလုံးကတော့ ငါ့အပိုင်ပဲ”
ဂျန်းယိုလင်နှင့် ဂျန်းထျန်းတို့ နှစ်ဦးစလုံး တစ်ပြိုင်နက် သက်ပြင်းရှည်ကြီး ချလိုက်ကြတော့သည်။
သေချာပါပြီ။ဒါမှ အငယ်ကောင်ရဲ့ မူလစရိုက်အမှန်ပဲ။
ဂျန်းချန်ကတော့ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချမိ၏။
“ငါ့ရဲ့ လူပေလူတေ ပုံစံက ဒီလောက်မြန်မြန်ကြီး ပြိုလဲသွားလို့ မဖြစ်ဘူး”
မဟုတ်ရင် ဂျန်းယိုလင်နဲ့ ဂျန်းထျန်းတို့က သူ့ကို သရဲဝင်ပူးနေတယ်လို့ ထင်ပြီး မကောင်းဆိုးဝါးနှင်ထုတ်ပေးမယ့်သူတောင် ခေါ်လာနိုင်ပေသည်။
...
ဂျန်းချန်က ယုန်တစ်ကောင်လုံး ချက်ဖို့ ပြောခဲ့သော်လည်း ချန်ချောင်ချွေ့က နှမြောလွန်းသဖြင့် တစ်ဝက်ကိုသာ ချက်ခဲ့ခြင်းဖြစ်သည်။
သို့သော် လူတိုင်းအတွက် အသားတုံးများ လုံလောက်စွာ ပါရှိနေဆဲပင်။
ဂျန်းချန် စိတ်လှုပ်ရှားသွား၏။သူ နောက်ဆုံးတော့ အသားစားရလေပြီ။
ကိုယ့်အရိပ်ကိုယ် ပြန်မြင်နေရသည့် ကျဲနေသော ဆန်ပြုတ်ကို ထပ်သောက်စရာ မလိုတော့ပေ။
သို့သော် ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးမှ မပါသလို အသား၏ ညှီနံ့ကိုလည်း ဖျောက်ထားခြင်း မရှိပေ။
အရသာက ဘယ်လိုများ ဖြစ်မလဲ....
ဂျန်းချန်က စိတ်လှုပ်ရှားစွာ ခွက်ကို မကာ တစ်ငုံ မြည်းစမ်းလိုက်၏။
နောက်တစ်ခဏမှာပင် သူ့မျက်လုံးများ တောက်ပသွားတော့သည်။
ချိုလိုက်တာ...အိလိုက်တာ...မွှေးလိုက်တာ..
ခန္ဓာကိုယ်က ပရိုတင်းဓာတ်ကို အလွန် ဆာလောင်နေခြင်းကြောင့်သာ ဖြစ်လာသည့် အရသာပင်။
ခန္ဓာကိုယ်နှင့် ဦးနှောက်တစ်ခုလုံးက ဒီအရသာကို အပြည့်အဝ တောင့်တနေခဲ့ခြင်းပင်ဖြစ်သည်။
ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးမှ မပါသည့် ဟင်းရည်တစ်ခွက်က ဒီလောက်ထိ မွှေးကြိုင်နေလိမ့်မည်ဟု ဂျန်းချန် လုံးဝ မထင်ထားခဲ့ချေ။
တစ်ငုံသောက်ပြီးသည်နှင့် သူလည်း မတွန့်ဆုတ်တော့ဘဲ အသားကို စတင်ဝါးစားလိုက်၏။
ထင်ထားသည့်အတိုင်း... တကယ်မွှေးသည်။
သို့သော် ယုန်က ဝဝတုတ်တုတ် ထင်ရသော်လည်း အသားက သိပ်မများလှ။ နံရိုးတစ်ဝိုက်က အသားများမှာလည်း အနည်းငယ် မာကျောနေပေသည်။
ဒုတိယအသားတုံးကို စားသည့်အခါမှသာ တောကောင်အသား၏ ညှီနံ့ကို စတင်သတိပြုမိလာတော့သည်။
“ယုန်ခေါင်းအစပ်ဟင်းကတောင် ပိုကောင်းသေးတယ်။ ဒီလို ပြုတ်စားရတာက အားရဖို့မကောင်းဘူး။”
အဓိကပြဿနာက ယုန်သားမှာ အဆီဓာတ်နည်းလွန်းသဖြင့် စားပြီးသည့်တိုင် အားရတင်းတိမ်မှု မရှိခြင်းပင်။နှစ်တုံးစားပြီးနောက် ဂျန်းချန်က လက်ဆန့်ကာကြွေဇလုံကို ရှေ့သို့ တွန်းပေးလိုက်၏။
“ကြက်ကင်လောက်တော့ မကောင်းသေးဘူး။ ဘယ်သူ စားဦးမလဲ”
“ဝူးဝူးဝူး”
ဂျန်းနန်းဝမ်က ပါးစပ်ထဲက အစာကိုပင် မမျိုချရသေးဘဲ လက်ကို အမြန်လှမ်းထုတ်လိုက်သည်။
ချန်ချောင်ချွေ့က သူ့လက်ကို ခတ်ခနဲ ပုတ်ချပြီး ကျန်ရှိသော အသားများကို တစ်ဖန် ပြန်ဝေလိုက်သည်။
ယုန်သားပြုတ်မှာ အဆီသိပ်မပါသော်လည်း ဤမိသားစုအတွက်တော့ လဝက်ကျော်အတွင်း စားခဲ့သမျှထဲ အကောင်းဆုံးထမင်းတစ်နပ် ဖြစ်နေတော့သည်။
ကြွေဇလုံကြီးမှာ ပြောင်လက်သွားသည်အထိ ကုန်စင်သွားပြီး အဆီတစ်စက်ပင် အလဟဿမဖြစ်စေရန် နှံစားပြောင်းဆန်ပြုတ်ကိုပင် ကြွေဇလုံထဲထည့်ကာ ဆေးကြောသောက်သုံးခဲ့ကြသည်။
နောက်ဆုံးတွင် ချန်ချောင်ချွေ့သည် ကျန်ရှိနေသော အရိုးများကိုပင် စနစ်တကျ ပြန်လည်သိမ်းဆည်းထားလိုက်တော့၏။