XianxiaBox
ဝူရှ ရှန်းရှ နှင့် စာပေအစုံအလင်
အခန်း (၇) - ခင်ဗျားကျုပ်ကို စော်ကားလိုက်တာပဲ။စေ့စပ်ကြောင်းလမ်းမှုကို မဖြစ်မနေ ဖျက်သိမ်းရမယ်
သောက်ကျိုးနည်းကွာ…
.ဂျန်းချန်သည် မူလပိုင်ရှင်အတွက် မနေနိုင်ဘဲ သနားစိတ်ဝင်မိသွား၏။ အိမ်က ပိုင်ဆိုင်သမျှ ဘဏ္ဍာတွေကို ပြောင်သလင်းခါအောင် ခိုးထုတ်ပေးခဲ့တာတောင် အတူတူ လမ်းလျှောက်ပေးဖို့ကျတော့ အလှူတစ်ခု ပေးသနားသလိုမျိုး လုပ်ပြနေတာပင်။ မူလကောင်ဆို လက်ချောင်းတစ်ချောင်းတောင် ထိဖူးပုံမရပေ။
သို့သော်လည်း အပြင်ပန်းတွင်မူ သူသည် အချစ်ရူးတစ်ယောက်၏ ဟန်ပန်ကို ဆက်လက်ထိန်းထားဆဲ ဖြစ်၏။
တကယ့် ဇာတ်ကွက်က အခုမှ စတင်မည် မဟုတ်ပါလော။
ဂျန်းယိုလင်သည် ဒေါသထွက်လွန်းသဖြင့် ချိုင်းထောက်ကို ကြမ်းပြင်ပေါ်သို့ တဝုန်းဝုန်း ရိုက်ချလိုက်၏။
"ဂျန်းထျန်း မင်းညီကို အထဲ အမြန်ခေါ်သွားစမ်း"
ဂျန်းထျန်း ထရပ်ကာ ဂျန်းချန်၏လက်ကို ဆွဲလိုက်၏။
"လာပါ၊ အဖေ့အခန်းထဲမှာ မီးဖိုထားတယ်၊ အထဲဝင်ပြီး အနွေးဓာတ်ယူကြစို့"
"နေဦးလေ။"
ဆွန်းကျင်မေ့ က သူတို့ကို လှမ်းတားလိုက်ပြီး မျက်လုံးများထဲတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ကျွန်မအမြင်တော့ ချန်လေး ပြောတာ မှန်တယ်၊ သုံးဆယ်ဆိုတာ နည်းလွန်းတယ်။ ငွေတေးခြောက်ဆယ် ဖြစ်သင့်တာပေါ့"
ဂျန်းယိုလင်၏ မျက်နှာ တင်းမာသွားပြီး နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။
"ခမည်းခမက်ရယ်... နောက်မနေပါနဲ့တော့ဗျာ။ ကျုပ်က ငွေတေးခြောက်ဆယ်ကို ဘယ်ကနေ သွားရှာရမှာလဲ"
"ဒါတွေ ကျွန်မ ဂရုမစိုက်ဘူး။ ရှင်တို့သားက ကျွန်မသမီးကို လက်ထပ်ချင်ရင် ဒီလောက်တော့ ငွေရှိရမှာပေါ့"
"သေချာ စဉ်းစားကြည့်ဦးလေ။ ကျွန်မသမီး ဟွာအာကလွဲရင် ရှင်တို့ရဲ့ ဘာမှသုံးမရတဲ့ သားမိုက်ကို ဘယ်သူကများ လိုချင်မှာမို့လို့လဲ"
ဂျန်းယိုလင်သည် နဖူးမှ ချွေးစေးများကို သုတ်လိုက်ပြီး ရှေ့သို့ အနည်းငယ်ကိုင်းကာ အသနားခံသည့် အမူအရာဖြင့် "ငွေတေးငါးဆယ်ဆိုရင်ရော ဘယ်လိုလဲဗျာ"
နောက်နှစ် တောင်နက်ကြီး ပေါ်တက်ပြီး တောဝက်နှစ်ကောင်နဲ့ သားမွှေး နှစ်ချပ်လောက် ထပ်ရခဲ့ပြီးလယ်မြေသုံးဧကလောက်ပါ ထပ်ရောင်းလိုက်ရင်တော့ လောက်ငလောက်ပေလိမ့်မည်။ သားဖြစ်သူ မိန်းမမရဘဲ နေရမည်ကို သူ တကယ် လက်ပိုက်မကြည့်နိုင်ပေ။
ဆွန်းကျင်မေ့ သည် ဧည့်ခန်းမဆောင်ကို ဝေ့ကြည့်လိုက်၏။ ဤနေရာမှ ထပ်မံညှစ်ထုတ်စရာ အကျိုးအမြတ် ကျန်တော့ပုံမရပေ။
နောက်ဆုံးတွင် သူမက ခေါင်းညိတ်လိုက်၏။
"တစ်ရွာတည်းသား အိမ်နီးချင်းတွေ ဖြစ်နေကြလို့ ငွေတေးငါးဆယ်နဲ့ သဘောတူလိုက်မယ်နော်။ ဒါပေမဲ့ ကျွန်မသမီးက တစ်နှစ်ပဲ စောင့်ပေးနိုင်မယ်"
"တစ်နှစ်အတွင်း မင်္ဂလာဆောင်စရိတ် မရှာနိုင်ရင်တော့ တခြားလူနဲ့ ပေးစားပစ်လိုက်မယ်"
"ကောင်းပါပြီ... ကောင်းပါပြီဗျာ၊ တစ်နှစ်ပေါ့"
ဂျန်းယိုလင် နာကျင်စွာဖြင့် သဘောတူလိုက်ရတော့သည်။
"ငွေတေးငါးဆယ်တဲ့လား... ရူးနေပြီ... တကယ် ရူးကုန်ကြပြီ"
ချန်ချောင်ချွေ့မှာ မည်သို့ပြောရမည်ကိုပင် မေ့လျော့သွားပြီး သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ထိုစကားများကို ငေးငိုင်စွာ ရေရွတ်နေမိတော့သည်။
ဂျန်းချန်ကလည်း ပြုံးရွှင်လျက် "ဟုတ်တာပေါ့၊ အနည်းဆုံး ငွေတေးငါးဆယ်တော့ ဖြစ်သင့်တာပေါ့၊ မဟုတ်ရင် ဟွာအာအတွက် မတရားသလို ဖြစ်နေမှာပေါ့"
"ဒါ့အပြင် ဒီယုန်ကို ခွဲနေရတာ အလုပ်ရှုပ်ပါတယ်။ ဒေါ်လေးပဲ တစ်ကောင်လုံး ပြန်ယူသွားပြီး ချက်စားလိုက်ပါတော့"
ဆွန်းကျင်မေ့ မှာစိတ်ထဲမှ တိတ်တဆိတ် ထပ်မံ ကျေနပ်သွားပြန်သည်။ ဂျန်းချန်သည် သူ အမှားလုပ်မိခဲ့သည်ကို သိပြီး သူမအား တမင်တကာ မျက်နှာချိုသွေးရန် ကြိုးစားနေပုံရပေသည်။
သူမ၏သမီးအပေါ် ဂျန်းချန် ထားရှိသော သဘောထားအရဆိုလျှင် နောင်တစ်ချိန်၌ သူမ စိတ်ကြိုက် လှည့်စားခြယ်လှယ်နိုင်မည် မဟုတ်ပါလော။
အကျိုးအမြတ်များကို မည်သို့ ထပ်မံညှစ်ယူရမည်ကို ကြံစည်နေစဉ်တွင်ပင် သူမ၏ မျက်နှာထားမှာ တင်းမာနေဆဲ ဖြစ်၏။
သူမသည် မေးစေ့ကို မော့လိုက်ပြီး ဂျန်းချန်အား လှမ်းပြောလိုက်သည် "နင် ကိုယ့်ကိုယ်ကိုယ် သိတတ်တယ်လို့ပဲ သဘောထားလိုက်မယ်။"
"ဒါပေမဲ့ ဒါကို သေချာမှတ်ထား မင်္ဂလာဆောင်စရိတ် ငွေတေးငါးဆယ် ပေးရမယ်ဆိုရင်တောင် ဟွာအာက နင့်လို လူပေလူတေတစ်ယောက်နဲ့ ညားရတာ နင့်အတွက်တော့ အမြတ်ထွက်တာပဲ။"
"တစ်ရွာလုံးမှာ ငါ့သမီး ဟွာအာကလွဲလို့ နင့်ကို ဘယ်သူကများ လိုချင်မှာမို့လို့လဲ"
ပြောရင်းဖြင့် သူမသည် ဆီးနှင်းယုန်ကို လှမ်းယူရန် လက်ဆန့်ထုတ်လိုက်သော်လည်း ဆွဲလိုက်သည့်အခါ နည်းနည်းမှ မရွေ့သွားသည်ကို တွေ့လိုက်ရ၏။
မော့ကြည့်လိုက်ရာ ခုနကမှ ဖော်ရွေပြနေသော ဂျန်းချန်သည် မျက်လွှာကို မော့လာပြီး ရုတ်တရက် လူသတ်ငွေ့သန်းနေသော အကြည့်စူးစူးများ ထွက်ပေါ်လာခဲ့၏။
ဆွန်းကျင်မေ့ ချက်ချင်းပင် လည်ပင်း၌ အေးစက်စက် အထိအတွေ့ကို ခံစားလိုက်ရပြီး ယုန်ကို ဆုပ်ကိုင်ထားသော လက်ကို မသိစိတ်အရ အမြန်ပြန်ရုတ်ရန် ကြိုးစားလိုက်သည်။
သူမ ထစ်ထစ်အအဖြင့် မေးလိုက်၏။
"န...နင် ဘာလုပ်ချင်တာလဲ"
ဂျန်းချန်၏ အသံမှာ ရေခဲတမျှ အေးစက်နေပြီး ချက်ချင်းပင် အခြားလူတစ်ဦးအဖြစ် ပြောင်းလဲသွားသကဲ့သို့ "ဒေါ်လေး အခု ဘာပြောလိုက်တာလဲ"
ဆွန်းကျင်မေ့ သည် လည်ပင်းကို တင်းတင်းထားကာ ပြန်လည်အော်ဟစ်လိုက်၏။
"ငါ ဘာပြောလို့လဲ။ နင်နဲ့ ဟွာအာ ညားရတာ နင့်အတွက် အမြတ်ထွက်နေတာပဲလို့ ပြောတာလေ။ငါပြောတာ မှားလို့လား"
"ဒေါ်လေးက အခု ကျွန်တော့်ကို လူပေလူတေလို့ ခေါ်လိုက်တာလား"
ဂျန်းချန်၏ မျက်လုံးများမှာ မလှုပ်မယှက် စူးစိုက်ကြည့်နေပြီး အသံမှာ ပိုမိုပြင်းထန်သော ဒေါသများဖြင့် ပြည့်နှက်နေပေသည်။
"ဒေါ်လေးဆွန်း၊ ဒေါ်လေး မသိဘူးလား။ ကျွန်တော်က လူတွေ ကျွန်တော်ကို လူပေလူတေလို့ ခေါ်တာကို အမုန်းဆုံးပဲ"
"ကျွန်တော့်ကို ဒီလိုမျိုး လာစော်ကားနေမှတော့ ဒီစေ့စပ်ကြောင်းလမ်းမှုကို လုံးဝ ဖျက်သိမ်းလိုက်တာပဲ ကောင်းတယ်"
"ဟင်..."
ဆွန်းကျင်မေ့ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့၏။ ယခုဖြစ်ပျက်နေသည့် အခြေအနေကို သူမ လုံးဝ သဘောမပေါက်နိုင်သေးပေ။
ခုနကတင် မင်္ဂလာစရိတ် ငွေတေးငါးဆယ်နဲ့ နောက်နှစ်ကျရင် လက်ထပ်ကြဖို့ သဘောတူထားပြီးပြီ မဟုတ်လား။
အခုတင်ပဲ ဒီကောင်လေးက သဘောတူခဲ့တဲ့အပြင် နည်းတောင် နည်းသေးတယ်လို့ ပြောနေခဲ့တာ မဟုတ်ဘူးလား။
ဟွာအာ့ လက်ခုပ်ထဲက ရေလို ဖြစ်နေတဲ့သူက ဘာကြောင့်များ လူပေလူတေလို့ ခေါ်မိရုံနဲ့ ရုတ်တရက်ကြီး ဖျက်သိမ်းဖို့ လုပ်ရတာလဲ။
ဒါပေမဲ့ တစ်ရွာလုံးမှာ သူ လူပေလူတေ ဖြစ်နေတာကို ဘယ်သူက မသိဘဲ နေလို့လဲ။
ဒါကို လူသိရှင်ကြား ထုတ်ပြောမိတာ ဘာများ ဖြစ်သွားလို့လဲ။ဒါက သူ့ကို စော်ကားတာတဲ့လား။
ဂျန်းယိုလင်သည် သားဖြစ်သူ ရုတ်တရက် ထိုသို့ ဒေါသပေါက်ကွဲသွားလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အမြန် ဖြောင်းဖျလိုက်၏။
"ချန်လေး စိတ်အေးအေးထားစမ်း။ မင်း ယောက္ခမကို အဲဒီလို မပြောရဘူးလေ"
အံ့အားသင့်နေသော ဆွန်းကျင်မေ့ သည် ဂျန်းယိုလင်၏ စကားကြောင့် အားတက်သွားပြီး ဒေါသများ ပိုထွက်လာခဲ့သည်။
"နင့်ကို လူပေလူတေလို့ ခေါ်တာ ဘာဖြစ်လဲ။ တစ်ရွာလုံးမှာ နင် လူပေလူတေဖြစ်တာ ဘယ်သူမသိလို့လဲ။ ငါ့ကို ဒီလို လာပြောနေတော့ နင် ဟွာအာကို လိုချင်သေးရဲ့..."
သူမ စကားမဆုံးမီမှာပင် ဂျန်းချန်သည် ထင်းခုတ်ဓားကို စားပွဲပေါ်သို့ ဒုန်း ခနဲ မြည်အောင် အားပြင်းပြင်းဖြင့် ခုတ်ချလိုက်တော့သည်။
ဆွန်းကျင်မေ့ ၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်သွားပြီး သူမ၏ စကားလုံးများမှာ လည်ချောင်းထဲသို့ ပြန်လည် နစ်ဝင်သွားခဲ့ပေသည်။
"ကောင်းပြီ၊ ကောင်းပြီ၊ ဆက်ခေါ်စမ်းပါဦး။ခင်ဗျားကို ဒီနေ့ခုတ်သတ်ပစ်မယ်"
ဂျန်းချန် ဓားထုတ်လာသည်ကို မြင်သောအခါ ဆွန်းကျင်မေ့ မှာ ကြောက်လန့်တကြား တုန်လှုပ်သွားတော့သည်။
ဒီလို လူပေလူတေတွေ ရူးသွပ်လာလျှင် တကယ်ပင် လူကို ခုတ်ဖြတ်တတ်ကြသည် မဟုတ်ပါလော။
သူမ မည်သို့ပင် ဗိုလ်ကျစိုးမိုးတတ်သူ ဖြစ်ပါစေ၊ ဂျန်းချန်၏ရှေ့တွင်မူ မောက်မာရန် မဝံ့တော့ပေ။
"အရူးကောင်"
ဆွန်းကျင်မေ့ ကျိန်ဆဲရင်း ချန်ဟွာကို ဆွဲကာ အသည်းအသန် နောက်ဆုတ်ပြေးလေတော့သည်။
"ငါ့သမီးကို နင်နဲ့ ပေးစားမယ်လို့ လုံးဝ မထင်နဲ့တော့"
သူမသည် တံခါးအပြင်ဘက်သို့ ရောက်သည်အထိ ဆုတ်သွားပြီးနောက် နောက်သို့ လှည့်အော်လိုက်သည်။
"မှတ်ထားလိုက် နင် ငါ့ဆီကို ဒူးထောက်လာတောင်းပန်တဲ့အခါကျရင် ငွေတေးငါးဆယ်နဲ့တင် ပြီးတော့မှာ မဟုတ်ဘူး"
ဂျန်းချန်က သူတို့နောက်သို့ လိုက်မည့်ဟန် ပြုလိုက်သည်ကို မြင်သောအခါ သူမသည် သေလောက်အောင် ကြောက်လန့်သွားပြီး ချန်ဟွာကို ဆွဲခေါ်ကာ အပြေးလွှား ထွက်ပြေးသွားတော့၏။
ဂျန်းယိုလင်မှာလည်း ပြဿနာကြီးသွားမည်ကို စိုးရိမ်သဖြင့် ချိုင်းထောက်ကို အားပြုကာ သူတို့နောက်သို့ လိုက်ရန် ကြိုးစားလိုက်သည်။
သို့သော် ဂျန်းချန်မှာမူ ဟန်ပြအနေဖြင့်သာ ခြေနှစ်လှမ်းခန့် လိုက်ပြလိုက်ခြင်း ဖြစ်သည်။ ထိုသားအမိ ပြေးသွားသည်ကို မြင်လိုက်ရသည့်အခါ သူသည် အိမ်ထဲသို့ ပြန်လှည့်ဝင်လာခဲ့ပြီး မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင် အနည်းငယ်မျှပင် မကျန်တော့ပေ။
ဂျန်းထျန်း ကြောင်အမ်းအမ်း ဖြစ်သွား၏။
"မင်း ခုနက သရုပ်ဆောင်နေတာလား"
ဂျန်းချန် ဓားကို ပြန်ချထားလိုက်ပြီး မအောင့်နိုင်တော့ဘဲ အသံထွက် ရယ်မောလိုက်တော့သည်။
"သရုပ်ဆောင်တာပေါ့ အစ်ကိုကြီးရာ။ နေ့တိုင်း ကျွန်တော့်ကို လူပေလူတေလို့ ခေါ်နေတဲ့လူတွေ အများကြီးပါပဲ။ အဲဒီလို ခေါ်တိုင်း ဒေါသထွက်နေရရင် ကျွန်တော် ဒေါသနဲ့တင် သေနေတာ ကြာပေါ့။"
ဂျန်းယိုလင်သည် ဂျန်းချန်၏ အမူအရာကို မြင်ပြီး သက်ပြင်းရှည်ကြီး ချလိုက်၏။
"အခု ဘာဆက်လုပ်ကြမလဲ။ နောက်ကျ ပြန်သွားတောင်းပန်ရင် ငွေတေးငါးဆယ်နဲ့တောင် လောက်တော့မှာ မဟုတ်ဘူး"
ဂျန်းချန်သည် ဂျန်းယိုလင်ကို ပြန်ထိုင်နိုင်ရန် ကူပေးလိုက်ရင်း "အဖေရယ်၊ ကျွန်တော်တို့မိသားစု ငွေတေးငါးဆယ် စုဆောင်းဖို့ ဘယ်နှစ်နှစ်တောင် ကြာမလဲ။ မိန်းမတစ်ယောက် ယူဖို့အတွက်နဲ့ လယ်တွေ ရောင်းပစ်ရမယ်၊ မိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို ပြောင်သလင်းခါအောင် သုံးပစ်ရမယ်ဆိုတာ ဘာအဓိပ္ပာယ်ရှိလို့လဲဗျာ"
"ဒါပေမဲ့ မင်း ခုနကတင်..."
မရီးဖြစ်သူ ချန်ချောင်ချွေ့သည် ကြောင်ငေးနေရာမှ သတိပြန်ဝင်လာပြီး "နင် ခုနကတင် မင်္ဂလာဆောင်စရိတ်ကို ငွေတေးခြောက်ဆယ် ပေးမယ်လို့ ပြောခဲ့တာလေ။"
အရင်က သူမသည် ဂျန်းချန်ကို စိတ်မနှံ့သူဟု ထင်ခဲ့သော်လည်း ယခုအခါတွင်မူ သူသည် စိတ်မတည်ငြိမ်သည့်အပြင် လုံးဝ ရူးသွပ်နေသူတစ်ဦးဟု ထင်မြင်မိသွားတော့သည်။
လက်ထပ်ဖို့အတွက် ငွေတေးငါးဆယ်နဲ့ သဘောတူထားပြီးမှ ဘာကြောင့်များ ရုတ်တရက် ဒေါသထွက်ပြီး သူတို့ကို မောင်းထုတ်ပစ်ရသနည်း။
ဂျန်းချန်က ပြုံးလျက် ပြောလိုက်၏။
"အဲဒီ သားအမိက တင့်တောင်းကြေးကို ယူထားပြီး ပြန်မပေးချင်တဲ့အပြင် ချက်ချင်းကြီး ဈေးတက်တောင်းနေတာလေ။ ကျွန်တော်က သူတို့ကို ကစားပေးလိုက်တာပါ"
"အခု ဒီကိစ္စပြီးသွားရင် နောက်တစ်ခါ တခြားလူနဲ့ မင်္ဂလာစကားပြောတဲ့အခါ သူတို့ မင်္ဂလာဆောင်စရိတ်ကို ငွေတေးငါးဆယ် တောင်းရဲဦးမှာ။ ဒါပေမဲ့... အနာဂတ်မှာ အဲဒီစံနှုန်းကို တတ်နိုင်မယ့် ယောကျ်ားမျိုးကတော့ အရမ်းရှားသွားလိမ့်မယ်။"
ချန်ချောင်ချွေ့မှာ မိုက်မဲသူ မဟုတ်ပေ။ အကြောင်းစုံကို သဘောပေါက်သွားပြီးနောက် သူမသည် ပါးစပ်ကို လက်ဖြင့်ပိတ်ကာရယ်လိုက်တော့သည်။
"အရမ်းရှားတာမဟုတ်ဘူးဟဲ့၊ဒီဆယ်မိုင်အတွင်းမဟုတ်သေးဘူးမိုင်တစ်ရာအတွင်းမှာတောင် သာမန်မိသားစုတစ်ခုက မင်္ဂလာဆောင်စရိတ်ငွေတေးငါးဆယ်ပေးပြီး မိန်းမယူတယ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးပါဘူး"
အခြေအနေကို ဖြည်းဖြည်းချင်း နားလည်လာသော ဂျန်းထျန်းကလည်း "ဟွာအာ တစ်ယောက် နှစ်အနည်းငယ်ကြာတဲ့အထိ အိမ်ထောင်မပြုနိုင်ရင်... ပါးစပ်ဆော့ပြီး စကားမှားပြောမိတဲ့ သူ့အမေကိုပဲ အပြစ်တင်နေတော့မှာ။"
မင်္ဂလာဆောင်စရိတ် ငွေတေးငါးဆယ်။ စကားတစ်ခွန်း မှားပြောမိရုံနှင့် လုံးဝ ဆုံးရှုံးသွားခဲ့ရချေပြီ။
ဆွန်းကျင်မေ့ တစ်ယောက် တစ်သက်လုံး နောင်တရနေတော့မည်ဖြစ်သလို ချန်ဟွာ ကလည်း သူမအား တစ်သက်လုံး အငြိုးအတေး ထားနေပေတော့မည်။
ဂျန်းချန် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်၏။
"ဒါတွေက ကျွန်တော်နဲ့ ဘာမှမဆိုင်တော့ဘူးလေ"
ဂျန်းယိုလင် ခေါင်းခါယမ်းလိုက်၏။
"မင်းကတော့လေ တကယ်ကို ဉာဏ်ဆင်တတ်တဲ့ကောင်ပဲ။ ဒီနေ့တော့ မင်း စိတ်ကျေနပ်မှု ရသွားပါပြီ၊ ဒါပေမဲ့ နောက်ကျရင် မင်း မိန်းမ ဘယ်က သွားရှာမလဲ"
"အဖေ စိတ်မပူပါနဲ့။ ယောကျ်ားကောင်းတစ်ယောက်က မိန်းမမရမှာကို ဘာလို့ စိတ်ပူနေရမှာလဲ"
"ဒါ့အပြင် ကျွန်တော်သာ ချန်ဟွာကို တကယ် လက်ထပ်လိုက်ပြီး အိမ်မှာ ငွေပြတ်သွားရင် အဲဒီလို မိန်းမမျိုးကို ကျွန်တော် ထိန်းထားနိုင်ပါ့မလား"
ဂျန်းယိုလင် ခေါင်းခါဆဲပင်ဖြစ်ပြီး ဂျန်းချန်၏ စကားကို စိတ်ထဲမထည့်ပေ။
သူ့ဒုတိယသား၏ လက်ရှိ ဂုဏ်သတင်းအရဆိုလျှင် မိန်းမတစ်ယောက်ရလျှင်ပင် အတော်ကောင်းလှပြီဖြစ်ရာ အများကြီးတောင်းဆို၍ မရနိုင်တော့ချေ။
ထိုအချိန်တွင် ဂျန်းနန်းဝမ်နှင့် ဂျန်းရှောင်ယွင်တို့ မောင်နှမနှစ်ယောက် ပြေးဝင်လာကြ၏။
"ဖေဖေ၊ မေမေ ဒုတိယဦးလေး ယုန်တစ်ကောင် ဖမ်းလာတယ်ဆိုပြီး ကြားလာလို့"