XianxiaBox

ဝူရှ ရှန်းရှ နှင့် စာပေအစုံအလင်

အခန်း ၆ · စာမျက်နှာ ၁ / ၁

အခန်း (၆) - မင်္ဂလာဆောင်ငွေ ငွေတေးသုံးဆယ်လား..ငွေတေးခြောက်ဆယ်ဆိုရင် လုံလောက်ပြီ

ထိုအချိန်တွင် ဂျန်းမိသားစု၏ ဧည့်ခန်းမဆောင်အတွင်း၌

ဂျန်းယိုလင်သည် မျက်နှာကျောတင်းတင်းနှင့် စူးစူးဝါးဝါးပုံစံရှိသော အမျိုးသမီးတစ်ဦးနှင့် စကားပြောဆိုနေသည်။

"ခမည်းခမက်.. သေချာ ပြန်စဉ်းစားပေးပါဦးဗျာ။ ချန်လေးက တကယ်ကို ပြောင်းလဲသွားပါပြီ။ ဒီမနက်စောစောကတည်းက တောင်ပေါ်ကို အမဲလိုက်တက်သွားတာပါ"

"အမဲလိုက်တယ် ဟုတ်လား"

ဆွန်းကျင်မေ့ က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

"အရက်နဲ့ အသား လဲစားဖို့ ပစ္စည်းထပ်ခိုးတာ မဟုတ်ဘူးလား"

ဂျန်းယိုလင်၏ မျက်နှာထား အနည်းငယ် ပျက်သွား၏။ ဂျန်းချန်သည် တောင်ပေါ်သို့ အမှန်တကယ် တက်သွားသလား သို့မဟုတ် ခွေးသားရေဝတ်ရုံကြီးကို သွားရောင်းစားသလားဆိုသည်ကို သူ တကယ်မသိချေ။

သားဖြစ်သူဘက်မှ ကာကွယ်ပြောဆိုပေးချင်သော်လည်း သူမကို ပြန်လည်ငြင်းဆန်ရန် အမှန်တကယ် အင်အားမရှိပေ။

"ဆက်ပြောမနေနဲ့တော့။ ဒီနေ့တော့ ဒီစေ့စပ်ကြောင်းလမ်းမှုကို မဖြစ်မနေ ဖျက်သိမ်းရမယ်။"

ဆွန်းကျင်မေ့ သည် သူ့ရှင်းပြချက်ကို နားမထောင်လိုတော့ပေ။

"ဒါပေမဲ့... အဲဒီတုန်းက အားလုံး သဘောတူညီခဲ့ကြတာပဲလေ၊ တင့်တောင်းငွေတောင် ပေးထားပြီးသား မဟုတ်ဘူးလား"

ဆွန်းကျင်မေ့ မျက်လုံးပြူးကျယ်သွားကာ စားပွဲကို ဒေါသတကြီး ရိုက်ချလိုက်၏။

"အဲဒီတုန်းက တင့်တောင်းငွေက ငွေတေးနှစ်ဆယ် ပေးမယ်လို့ သဘောတူခဲ့ကြတာလေ။အခု မင်္ဂလာဆောင်စရိတ်က ဘယ်မှာလဲ။ မင်္ဂလာဆောင်စရိတ်မပါဘဲ လက်ထပ်ချင်နေတာလား ဟမ်"

ဂျန်းယိုလင်သည် ချိုင်းထောက်ဖြင့် ကြမ်းပြင်ကို ညင်သာစွာ ထောက်လိုက်ရင်း "ခမည်းခမက်ရာ... ဒါကို နောက်တစ်ကြိမ် ထပ်ညှိနှိုင်းလို့ရပါတယ်ဗျာ။"

"ဒီလိုမျိုး စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလိုက်ရင် ခမည်းခမက်သမီးရဲ့ ဂုဏ်သတင်းအတွက်လည်း မကောင်းပါဘူး။ တစ်နည်းနည်းတော့ ညှိလို့ရမှာ မဟုတ်ဘူးလား"

"ကျွန်မအမြင်ကို ပြောရရင်တော့ ရှင်တို့သားနဲ့ ညားတဲ့မိန်းကလေးတိုင်း ကံဆိုးတာပဲ"

ထိုသို့ပြောပြီးနောက် ဆွန်းကျင်မေ့ သည် ခေတ္တရပ်လိုက်၏။

"ဒါပေမဲ့လည်း တစ်ရွာတည်းသား အိမ်နီးချင်းတွေ ဖြစ်နေကြတော့ လုံးဝညှိမရတာတော့ မဟုတ်ပါဘူးလေ..."

"ခမည်း... ခမည်းခမက် တောင်းဆိုချင်တာရှိရင် အမြန်သာ ပြောပါဗျာ။"

မျှော်လင့်ချက် ရောင်ခြည်သန်းလာသည်ကို တွေ့ရသဖြင့် ဂျန်းယိုလင် ချက်ချင်း ပြောလိုက်သည်။

"လက်ထပ်တာကတော့ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ငွေထပ်တိုးပေးရမယ်"

ဂျန်းယိုလင်တစ်ယောက် ပြင်းပြင်းထန်ထန် နှစ်ချက် ချောင်းဆိုးသွား၏။

"ငွေထပ်တိုးပေးရမယ် ဟုတ်လား"

ငွေတေးနှစ်ဆယ်တောင်မှ ရရန် ခက်ခဲနေပြီဖြစ်ရာ နောက်ထပ် ထပ်တိုးပေးရမည်တဲ့လား။

သို့သော်လည်း မိသားစု၏ ရိက္ခာများကို ရောင်းစားခဲ့သည့် ဂျန်းချန်၏သတင်းဆိုးကြောင့် ဤလောဘကြီးသော မုဆိုးမဆွန်းမှလွဲ၍ အခြား မည်သူကမှ သမီးဖြစ်သူကို သဘောတူပေးစားဝံ့မည် မဟုတ်ကြောင်း သူ သိထားလေသည်။

"ဘယ်လောက်များ ထပ်တိုးပေးရမှာလဲ" ဂျန်းယိုလင် သတိကြီးစွာဖြင့်သာ မေးလိုက်ရသည်။

"ငွေတေးသုံးဆယ်။ ငွေတေးသုံးဆယ်သာ ယူလာခဲ့ ကျွန်မသမီး ဟွာအာကို ရှင်တို့သားနဲ့ ပေးစားဖို့ စီစဉ်ပေးမယ်။"

ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေသော မိန်းကလေးက မကျေမနပ်ဖြင့် အော်လိုက်၏။

"အမေကလည်း.."

ဂျန်းယိုလင် တုန်လှုပ်သွားရတော့သည်။ ငွေတေးသုံးဆယ်ဆိုသည်မှာ မြို့အတွင်းရှိ သူဌေး မိသားစုများ၏ သမီးပျိုကို တောင်းရမ်းသည့် မင်္ဂလာဆောင်စရိတ်ပင် မဟုတ်ပါလော။

သူတို့လို ကျေးလက်နေ သာမန်မိသားစုတစ်ခုကအဲ့လောက်များပြားသောငွေကို ဘယ်လိုလုပ်တတ်နိုင်ပါမည်နည်း။

ဂျန်းယိုလင် အံကိုတင်းတင်းကြိတ်ထားပြီး ပါးပြင်များပင် တဆတ်ဆတ် တုန်ယင်နေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် သူ စကားစလိုက်၏။

"ကောင်းပြီ နောက်တစ်နှစ်အကြာမှာ ကျုပ် မင်္ဂလာဆောင်ကြေးယူပြီး လာတောင်းရမ်းပါ့မယ်"

"အဖေ..."

အနီးတွင် ရေနွေးငှဲ့ပေးနေသော ချန်ချောင်ချွေ့ မနေနိုင်တော့ဘဲ ဝင်ပြောတော့၏။

"အဖေရယ် ငွေတေးသုံးဆယ်ကို သမီးတို့ ဘယ်ကနေ သွားရှာရမှာလဲ"

"သမီး ဒီအိမ်ကို ရောက်လာတုန်းက မင်္ဂလာဆောင်ကြေး တစ်တေးမှ မတောင်းခဲ့ပါဘူး။ ဒီနှစ်တစ်လျှောက်လုံး သမီး ဒီမိသားစုအတွက် ဘယ်လောက်တောင် လုပ်ပေးခဲ့ရလဲဆိုတာ မသိဘူးလား"

"တော်စမ်း ပါးစပ်ပိတ်ထား"

ဂျန်းထျန်းက သူ့ဇနီးကို ဆွဲလှည့်လိုက်သော်လည်း သူကိုယ်တိုင်လည်း စိုးရိမ်လွန်းသဖြင့် ခေါင်းကိုသာ ကုတ်ဖဲ့နေမိတော့သည်။

သူတို့မိသားစု တစ်နှစ်လုံး စုဆောင်းလျှင်ပင် ငွေသုံးတေး မပြည့်တတ်ချေ။

ယခုနှစ်မှာလည်း ငတ်မွတ်ခေါင်းပါးသော နှစ်တစ်နှစ် ဖြစ်သည်။ ငွေစုဖို့ နေနေသာသာ ဗိုက်ဝအောင် စားသောက်နိုင်ဖို့ပင် အလွန်ခက်ခဲနေသည် မဟုတ်ပါလော။ ငွေတေးသုံးဆယ်ကို မည်သို့များ ရှာဖွေနိုင်ပါမည်နည်း။

"နွေဦးရာသီ ရောက်ပြီး ငါ့ဒဏ်ရာတွေ သက်သာသွားရင် တောင်နက်ကြီးဆီကို ငါ တစ်ခေါက်လောက် သွားမယ်။ တောဝက်နှစ်ကောင်လောက် အမဲလိုက်နိုင်ပြီး အခြားသားကောင်တွေပါ ထပ်ရရင် လုံလောက်သွားမှာပါ။"

"တောဝက်လား... နှစ်ကောင်တောင်လား"

ဂျန်းထျန်း အံ့အားသင့်သွား၏။

"အဖေ၊ အဖေ့ရဲ့ ဒီခန္ဓာကိုယ်နဲ့ တောင်ပေါ်တက်ဖို့ ကြံနေတာလား"

သာမန်မုဆိုးများသည် တောင်နက်လေး ပေါ်သို့သာ တက်ဝံ့ကြပြီး တောင်နက်ကြီး ထဲသို့ ဝင်ရောက်ခြင်းသည် အသက်ကို စတေးရဲမှသာ ဖြစ်နိုင်ပေသည်။

ထိုနေရာတွင် ကျားများနှင့် ဝက်ဝံများ ရှိပြီး ၎င်းတို့နှင့် ရင်ဆိုင်မိပါက သေလမ်းသာ ရှိတော့သည်။

တောဝက်များကိုပင်လျှင် အတွေ့အကြုံရှိ၍ သန်မာသော မုဆိုးများ စုပေါင်းပြီးမှသာ အမဲလိုက်နိုင်ကြခြင်း ဖြစ်သည်။

ဂျန်းယိုလင် ခေါင်းခါလိုက်၏။

"ငါ့ရဲ့ ဒီအရိုးအိုကြီး သေသွားလည်း သေပါစေတော့။ မင်းညီလေးသာ မိန်းမမရနိုင်ရင် ငါ မင်းအမေကို ဘယ်မျက်နှာနဲ့ သွားတွေ့ရမလဲ"

"အဖေ"

ဂျန်းထျန်း အံကြိတ်ကာ "အဆိုးဆုံးဖြစ်လာရင်တောင် လယ်နှစ်ကွက်လောက် ရောင်းလိုက်ကြတာပေါ့။ အဖေ တောင်နက်ကြီးပေါ် လုံးဝ တက်လို့မဖြစ်ဘူး"

"ရှင် ရူးနေတာလား လယ်ရောင်းမယ် ဟုတ်လား"

ချန်ချောင်ချွေ့သည် အမြီးနင်းခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ ခုန်ပေါက်ကာ "လယ်တွေကို ရောင်းလိုက်ရင် ကျွန်မတို့ ဘာသွားစားသောက်ကြမလဲ"

"တစ်ဝက်ရောင်းပြီး တစ်ဝက်ချန်ထားတာပေါ့။ ငါတို့ အငတ်ဘေးကြုံပြီး သေမသွားပါဘူး။"

"မသေဘူး၊ မသေဘူးနဲ့ ဒီမိန်းမက အခုပဲ အငတ်ဘေးကြုံပြီး သေတော့မယ်ဟဲ့"

မိသားစုဝင်များ စတင်အငြင်းပွားလာကြစဉ် ဆွန်းကျင်မေ့ မှာမူ ဘေးမှနေ၍ ကျေနပ်အားရစွာ ကြည့်နေခဲ့သည်။

သူမ၏ စိတ်ထဲတွင် ပို၍ပင် ပီတိဖြစ်လာ၏

။ဟုတ်တယ်၊ လယ်ရောင်းလိုက်ကြစမ်း။

ကျန်းမိသားစု၏ လယ်ကွက်အနည်းငယ်သာ မရှိပါက သူမ ဤနေရာသို့ လာရောက်ရန်ပင် အချိန်ဖြုန်းမည် မဟုတ်ချေ။

ဒါတောင် ဤမိသားစုသည် ဈေးအနည်းငယ်မျှပင် ပြန်မဆစ်ကြပေ။

ဆိုလိုသည်မှာ ဈေးနှုန်းက နည်းနေသေးသည့် သဘောပင်။

ထိုသို့ တွေးမိသည်နှင့် ဆွန်းကျင်မေ့ နောင်တအနည်းငယ် ရသွား၏။

ငွေတေးလေးဆယ်လောက် တောင်းခဲ့သင့်တာ..။

အခန်းတွင်း၌ ရှုပ်ထွေးနေစဉ်မှာပင် ဂျန်းချန်သည် တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့၏။

ထိုခဏတွင် အငြင်းပွားသံများ ချက်ချင်း ရပ်တန့်သွားတော့သည်။

ဂျန်းယိုလင်၏ အကြည့်များမှာ အတော်လေး နူးညံ့သွား၏။

"ချန်လေး ပြန်လာပြီပဲ။ လာ လာ၊ ဒေါ်လေးဆွန်းနဲ့ ဟွာအာကို အမြန် နှုတ်ဆက်လိုက်ဦး"

ဂျန်းချန်သည် ဆွန်းကျင်မေ့ နှင့် သူမဘေးရှိ မိန်းကလေးကို ကြည့်လိုက်၏။

ထိုမိန်းကလေး၏ မျက်နှာသွင်ပြင်မှာ ဆွန်းကျင်မေ့ နှင့် တစ်ဝက်ခန့် တူညီပြီး ဝိုင်းစက်သော မျက်နှာတွင် နှုတ်ခမ်းနီနှင့် ပါးနီများကို လိမ်းခြယ်ထား၏။

သာမန် ကျေးလက်မှ မိန်းကလေးများထက် အနည်းငယ် ပို၍ ဆွဲဆောင်မှုရှိသည်မှအပ အခြား မည်သည့်ထူးခြားမှုမျှ မရှိပေ။

ယခင်ဘဝက ဗီဒီယိုအတိုများ ပေါများလှသော ခေတ်ကာလသာဆိုလျှင် ဆေးဆိုးပန်းရိုက် နှင့် ဆွဲဆောင်မှုရှိသော ဟန်ပန်များ ပြုလုပ်ထားသည့်တိုင် မည်သူမျှ ကြည့်ရှုကြမည် မဟုတ်ချေ။

"ဒါ မူလပိုင်ရှင် အရူးအမူး ကြိုက်ခဲ့ရတဲ့ နတ်ဘုရားမလေးပေါ့လေ။ ဟမ့် သူ့အမြင်ကတော့ တကယ်ကို အဆင့်မရှိခဲ့တာပဲ။"

ဝေဝါးနေသော မှတ်ဉာဏ်များ ရှင်းလင်းသွားသည်နှင့်အမျှ ဂျန်းချန်ကို ပိုလို့ စိတ်ပျက်သွားစေခဲ့သည်။

ဂျန်းချန်၏ အကြည့်များနှင့် ဆုံမိသောအခါ ချန်ဟွာသည် စက်ဆုပ်ရွံရှာသော မျက်နှာထားဖြင့် နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်၏။

"ဂျန်းချန် ရှင် ပေးမယ်လို့ ကတိပေးထားတဲ့ ဆံထိုးကို ဘယ်တော့ ပေးမှာလဲ"

ဂျန်းချန် အသာအယာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး မူလပိုင်ရှင်၏ ပင်ကိုယ်စရိုက်အတိုင်း မျက်နှာချိုသွေးကာ ပြုံးပြလိုက်သည်။

"ခဏလောက် စောင့်ပါဦး၊ ကိုယ် မင်းကို သေချာပေါက် ပေးမှာပါ"

ထိုစကားကို ကြားလိုက်ရသဖြင့် ချန်ဟွာ၏ မျက်နှာထား အနည်းငယ် ပြေလျော့သွားသော်လည်း ဂျန်းချန်အား မကြည့်လိုသကဲ့သို့ မျက်နှာလွှဲထားဆဲ ဖြစ်သည်။

ဂျန်းချန်က စိတ်ထဲမထားဘဲ ပြုံးရွှင်လျက် ဆွန်းကျင်မေ့ အား နှုတ်ဆက်လိုက်၏။

ဂျန်းချန်သည် ခွေးသားရေဝတ်ရုံကြီးကို ဝတ်ထားလျက် ဝင်လာသည်ကို မြင်ရသောအခါ ဂျန်းယိုလင်မှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

မရောင်းစားခဲ့ဘူးပဲ...သူ တကယ်ပဲ လူတော်တစ်ယောက် ဖြစ်လာပြီ။

"ဒီနေ့ အမဲလိုက်သွားတာလား"

ဂျန်းယိုလင်သည် သူ ခုနက ပြောခဲ့သောစကား မှန်ကန်ကြောင်း သက်သေပြလိုသည့်အလား ဆွန်းကျင်မေ့ ဘက်သို့ မျက်လုံးထောင့်မှ ခိုးကြည့်လိုက်ရင်း "ကိစ္စမရှိပါဘူး၊ ဆောင်းရာသီ ရောက်နေပြီဆိုတော့ ဘာမှ မရတာ ပုံမှန်ပါပဲ"

ထိုအခါမှသာ ဂျန်းချန်သည် ယုန်ကို ဖြည်ချကာ စားပွဲပေါ်သို့ တင်လိုက်၏။

"ကံကောင်းလို့ပါ။ ယုန်တစ်ကောင် ကောက်ရခဲ့တယ်။"

ယုန် ဟူသော စကားကို ကြားလိုက်ရသည်နှင့် ချန်ဟွာမှာ ချက်ချင်း မျက်နှာလှည့်ကြည့်လာ၏။

"တော်တော်ကြီးတာပဲ"

သူမ သွားရည်များ ချက်ချင်း မျိုချလိုက်ရ၏။

ဘိုးဘွားပိုင်အိမ်ကို ရောင်းချရာမှ ရရှိသော ငွေများမှာ ကုန်လုနီးပါးဖြစ်နေပြီဖြစ်ရာ အိမ်တွင်းဘဝမှာ အတော်ပင် ခက်ခဲနေပြီး သူမ အသားမစားရသည်မှာ ကြာချေပြီ။

"ယုန်တစ်ကောင်လား"

ဂျန်းယိုလင်သည် ယုန်ကို မြင်လိုက်ရသောအခါ မျက်နှာတစ်ခုလုံး အရေးကြောင်းများတွန့်လိပ်သွားသည်အထိ ဝမ်းသာအားရ ပြုံးလိုက်၏။

"ငါ့သားက တကယ်တော်တာပဲ။ အခုဆို ယုန်တောင် ဖမ်းတတ်နေပြီ"

ဂျန်းချန်က ကောက်ရခဲ့ခြင်းဖြစ်သည်ဟု ပြောသည်ကို သူ လုံးဝ အာရုံမစိုက်တော့ပေ။

ထို့နောက် သူသည် ဆွန်းကျင်မေ့ ဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။

"ခမည်းခမက် တွေ့တယ်မလား။ ကျုပ် မပြောဘူးလား။ ချန်လေးက တကယ်ကို ပြောင်းလဲသွားပါပြီလို့"

"နောက်ကျရင် ဟွာအာ အားရှိသွားအောင် ခမည်းခမက်တို့ ပြန်ယူသွားဖို့ ပေါင်တစ်ချောင်း ဖြတ်ပေးလိုက်မယ်။ မတွေ့ရတာ တစ်လလောက်ရှိပြီဆိုတော့ သူ ပိန်သွားသလိုပဲ"

ချန်ဟွာ မျက်မှောင်ကြုတ်ကာ မကျေမနပ် ပြောလိုက်၏။

"တစ်ချောင်းတည်းပဲလား.."

ယုန်ပေါင်တစ်ချောင်းတည်းနှင့် သူမ၏ အစားကြူးမှုကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ချေ။

ဂျန်းယိုလင် အမြန်ပြင်ပြောလိုက်၏။

"တစ်ဝက် ခမည်းခမက်တို့ ပြန်ယူသွားဖို့ တစ်ဝက် ဖြတ်ပေးလိုက်မယ်"

ဂျန်းချန် ဝင်မပြောဘဲ မေးသာမေးလိုက်သည်။

"ဒေါ်လေးနဲ့ အဖေတို့ ခုနက ဘာတွေပြောနေကြတာလဲ။ အပြင်ကနေ ဆူညံသံတွေတော့ ကြားရပေမဲ့ ဘာပြောနေလဲဆိုတာ သဲသဲကွဲကွဲ မကြားရလို့ပါ"

"ဘာမှမဟုတ်ပါဘူး၊ မင်းရဲ့ မင်္ဂလာကိစ္စအကြောင်း ပြောနေကြတာပါ။ မင်း စိတ်ပူစရာ မလိုပါဘူး။"

ဂျန်းယိုလင်က အသေးစိတ် မရှင်းပြလိုသဖြင့် စကားကို အမြန်လွှဲပစ်လိုက်သည်။

သို့သော် ချန်ချောင်ချွေ့မှာမူ မထိန်းနိုင်တော့ပေ "နင် အရက်အတွက်နဲ့ မိသားစုရိက္ခာကို လဲစားပစ်တဲ့ သတင်း ထွက်သွားလို့လေ။ မင်္ဂလာဆောင်ကြေးကို ငွေတေးသုံးဆယ်အထိ တိုးတောင်းနေကြတာ"

"စကားကိုလျှော့ပြောစမ်း" ဂျန်းထျန်းက သူ့ဇနီးကို ဝင်တားလိုက်၏။

ဂျန်းချန် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခေါင်းခါပြလိုက်သည်။

"လုံးဝ မဖြစ်နိုင်ဘူး"

ချန်ချောင်ချွေ့၏ မျက်လုံးများ တောက်ပသွားခဲ့၏။ ဂျန်းချန်သည် နောက်ဆုံးတွင် မိသားစု၏ ကောင်းကျိုးကို စဉ်းစားတတ်လာပြီလော။

အရင်က ဂျန်းချန်သာဆိုလျှင် ချန်ဟွာကို လက်ထပ်ရမည်ဆိုပါက မင်္ဂလာကြေး မည်မျှပင် ဖြစ်ပါစေ ဂရုစိုက်မည် မဟုတ်ပေ။

"မင်း တောင်ပေါ်က ပြန်လာတာဆိုတော့ အထဲဝင်ပြီး အရင် နွေးအောင်လုပ်နေလိုက်ပါ။"

ဂျန်းချန် စကားမှားပြောမိပြီး သူ အနိုင်နိုင် ချော့မော့ထားရသော သားအမိနှစ်ယောက်ကို နှင်ထုတ်မိမည်ကိုလည်း ဂျန်းယိုလင် စိုးရိမ်နေမိ၏။

ထို့နောက် သူက ထပ်လောင်းပြောလိုက်သည်။

"ဟွာအာက အရမ်းလှတာပဲ၊ မင်္ဂလာဆောင်ကြေး ငွေတေးသုံးဆယ်ဆိုတာ သင့်တော်တဲ့ ပမာဏပါပဲ။ သိပ်မများပါဘူး၊ သိပ်မများပါဘူး..."

ဂျန်းချန် လက်ခုပ်လက်ဝါးတီးလိုက်၏။

"မှန်တာပေါ့ အဖေရာ ဟွာအာက ဒီလောက်တောင် လှတာကို ငွေတေးသုံးဆယ်နဲ့ ဘယ်လောက် မှာလဲ ငွေတေးခြောက်ဆယ် ဖြစ်သင့်တာပေါ့"

အခန်းတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားတော့သည်။

ချက်ချင်းပင် ဂျန်းယိုလင်၏ ဦးခေါင်းထံသို့ သွေးများ တဒုန်းဒုန်း ဆောင့်တက်သွားသလို ခံစားလိုက်ရ၏။

"ငွေတေးခြောက်ဆယ်တဲ့လား..."

ငွေတေးခြောက်ဆယ်ဆိုပါက မိသားစု၏ လယ်ယာမြေအားလုံးကို ရောင်းချလျှင်ပင် ထိုမျှများပြားသော ငွေကို ရှာဖွေနိုင်မည် မဟုတ်ချေ။

ဂျန်းယိုလင်သည် သူ့သားဖြစ်သူမှာ ချန်ဟွာ၏ ပြုစားခြင်းကို လုံးလုံးလျားလျား ခံထားရပြီဟု ခံစားလိုက်ရတော့၏။

ချန်ဟွာသည် နောက်ဆုံးတွင် ဂျန်းချန်ကို ကြည့်လာခဲ့ပြီး ယခုတစ်ကြိမ်တွင် သူမ၏မျက်နှာ၌ ကျေနပ်သည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့လေသည်။

သူမက ဆုလာဘ်တစ်ခု ပေးသနားသကဲ့သို့ ပြောလိုက်ရာ "ရှင် ဆံထိုးပေးတဲ့အခါကျရင် ရှင်နဲ့အတူ ရွာထဲမှာ တစ်ခေါက်လောက် လမ်းလျှောက်ပေးမယ်လေ"