XianxiaBox

ဝူရှ ရှန်းရှ နှင့် စာပေအစုံအလင်

အခန်း ၅ · စာမျက်နှာ ၁ / ၁

ထိုသို့ပြောနေစဉ်တွင်ပင် ကျန်းဆန်ပိုသည် ယုန်ကို ပြန်ပေးရန် တွန့်ဆုတ်နေခဲ့၏။

ဤ သုံးကျင်းနီးပါးလေးသော ယုန်တစ်ကောင်သည် သူ့အတွက် ကောင်းကောင်းကြီး စားသောက်ရန် လုံလောက်လှပေသည်။

ဂျန်းချန်၏ ခါးမှ သူဆွဲယူလိုက်သော ထိုယုန်သည် သူ့စိတ်ထဲတွင် သူ့ကိုယ်ပိုင်ပစ္စည်း ဖြစ်သွားခဲ့ပြီဖြစ်သည်။ လက်ထဲရောက်ပြီးသားအရာကို ဘာကြောင့်လက်လွှတ်ပေးချင်ပါမည်နည်း။

သို့သော် ဂျန်းချန်က ထင်းခုတ်ဓားကို အောက်သို့ အနည်းငယ် ဖိချလိုက်ရာ သူ့လည်ပင်းဆီမှ အေးစက်စက် စူးရှသော နာကျင်မှုတစ်ခု ခံစားလိုက်ရ၏။

ထို့အပြင် ဂျန်းချန်၏ လူသတ်ငွေ့သန်းနေသော အကြည့်များက ကျန်းဆန်ပို၏ မွေးညှင်းများကို ထောင်ထသွားစေခဲ့သည်။

ယခင်က မြှောက်ပင့်စကား နှစ်ခွန်းသုံးခွန်း ပြောလိုက်ရုံဖြင့် ငွေကို လွယ်လွယ်ကူကူ ပေးတတ်သော ဤညီငယ်သည် ယခုအခါ လုံးဝ လူသစ်တစ်ယောက်အဖြစ် ပြောင်းလဲသွားပုံရသည်။

ကျန်းဆန်ပို ထပ်မံတွေဝေမနေရဲတော့ဘဲ ယုန်ကို အမြန်မြှောက်ပြလိုက်၏။

"ရော့ ရော့ ပြန်ယူလိုက်ပါကွာ"

ဂျန်းချန်သည် ယုန်ကို သွက်လက်စွာ လှမ်းယူလိုက်ပြီး ခါးတွင် ပြန်ချိတ်လိုက်၏။

ထင်းခုတ်ဓားကို ပြန်သိမ်းလိုက်သည့်အခါမှသာ ကျန်းဆန်ပိုတစ်ယောက် သက်ပြင်းရှည်ကြီး ချနိုင်ပေတော့သည်။

သို့သော် ချက်ချင်းပင် သူ့ရင်ထဲ၌ ဒေါသများ အလိပ်လိုက် တက်လာခဲ့၏။

အရင်တုန်းကဆိုလျှင် သူ ညည်းတွားပြကာ အနည်းငယ် မြှောက်ပင့်ပေးလိုက်ရုံနှင့်ပင်ရပေသည်။

အလွန်ဆုံးမှ ဒါမျိုးမလုပ်ပေးရင် ညီအစ်ကိုသစ္စာ မရှိဘူးဟု ပြောလိုက်ရုံပင်။ ထိုသို့ မရပါက ချန်ဟွာ အကြောင်းကို ထုတ်ပြောလိုက်ရုံနှင့် ဂျန်းချန်သည် ချက်ချင်း ရင်ဘတ်ပုတ်ကာ အဖိုးတန်ပစ္စည်းများကို လက်လွှဲပေးလေ့ရှိသည်။

သို့သော် ယနေ့တွင်မူ ဂျန်းချန်သည် သာမန်လုပ်ရိုးလုပ်စဉ်များနှင့် လုံးဝဆန့်ကျင်နေသည့်အပြင် သူ့ကို ဓားနှင့်ပင် ခြိမ်းခြောက်ဝံ့၏။

ထိတ်လန့်မှုကြောင့် ဖြူဖျော့နေသော ကျန်းဆန်ပို၏ မျက်နှာသည် ဒေါသကြောင့် ချက်ချင်း နီမြန်းလာခဲ့၏။

သူသည်မတရားခံလိုက်ရသကဲ့သို့ ခြေဆောင့်ကာ ဂျန်းချန်အား လက်ညှိုးထိုးရင်း "ဂျန်းချန်၊ ငါ မင်းကို အထင်မှားခဲ့တာပဲ။ငါက မင်းကို ညီအစ်ကိုအရင်းလို သဘောထားခဲ့တာ ဒါပေမဲ့ မင်းက ယုန်တစ်ကောင်အတွက်နဲ့ ငါ့ကို ဓားနဲ့ထောက်တယ်ပေါ့လေ"

ဂျန်းချန်သည် ယုန်ကို သေချာသိမ်းဆည်းလိုက်ပြီး သူ့အား အထင်သေးသော အကြည့်ဖြင့် ငုံ့ကြည့်လိုက်၏။

"မင်းက အစားအသောက်ဆို တစ်ပြားမှ မထုတ်ဘဲ ငါ့ဆီကနေ အခွင့်အရေးယူဖို့ပဲ တစ်နေကုန် ကြံနေတာ။ ငါ့မိသားစုရဲ့ ရိက္ခာတွေကို ရောင်းစားပစ်ဖို့ သွေးထိုးလှုံ့ဆော်ခဲ့တာလည်း မင်းပဲ။ အခုကျမှ ငါ့ကိုလာပြီး ညီအစ်ကိုသစ္စာအကြောင်း ပြောနေတာလား"

ကျန်းဆန်ပို၏ လေသံမှာ အနည်းငယ် ပျော့ကျသွား၏။

"ဒါက ငါ့အိမ်က ဆင်းရဲလွန်းလို့ပါကွာ။ ငါ့မှာသာ ငွေရှိရင် မင်းကို နေ့တိုင်းအစားအသောက်ကောင်းတွေနဲ့ ကျွေးမွေးဧည့်ခံမှာပါ။"

"ဒါဆို ဒီလိုလုပ်လေ"

ဂျန်းချန်သည် ကျန်းဆန်ပို၏ ပခုံးကို လှမ်းဆွဲလိုက်ပြီး "အခု ငါ့မိသားစုရဲ့ ရိက္ခာတွေ ကုန်သွားပြီဆိုတော့ မင်းတို့အိမ်ရဲ့ ဆောင်းရာသီရိက္ခာ ထက်ဝက်ကို ငါ့ကို ပေးစမ်းပါ။ ဒါဆို မင်းကို ငါ့ညီအစ်ကိုအဖြစ် ဆက်သဘောထားပေးမယ်။"

ကျန်းဆန်ပို ပါးစပ်အဟောင်းသားဖြစ်သွားပြီး အချိန်အတော်ကြာ ထစ်အစ်နေကာ စကားတစ်ခွန်းပင် မပြောနိုင်တော့ပေ။

သူ့အိမ်ရှိ ရိက္ခာများမှာပင် စားဖို့မလုံလောက်ရာဘယ်လိုထက်ဝက်ခွဲပေးနိုင်မည်နည်း။

"သွားစမ်းကွာ.."

ဂျန်းချန်သည် သူ့ကို နောက်သို့အနည်းငယ် တွန်းထုတ်လိုက်ပြီး ထင်းများကို ထမ်းကာ တောင်အောက်သို့ ဆင်းလာခဲ့တော့သည်။

သူ၏ ယခင်ဘဝတွင် ညီအစ်ကိုသစ္စာနှင့် မိတ်ဆွေဖွဲ့မှုအကြောင်း တတွတ်တွတ် ပြောလေ့ရှိသော ဤကဲ့သို့ လူမျိုးများကို သူ မရေမတွက်နိုင်အောင် တွေ့ဖူးခဲ့သည်။

တကယ်တမ်းတွင်မူ အကျိုးအမြတ် အနည်းငယ်အတွက် အဆုံးမရှိ လောဘရမ္မက်ကြီးတတ်ကြသူများဖြစ်ရာ ထိုကဲ့သို့ လူများနှင့် ဝေးဝေးနေလေ ပိုကောင်းလေပင်။

တကယ့် ညီအစ်ကိုကောင်းဆိုပါက မိသားစု၏ ရိက္ခာများကို ရောင်းပစ်ရန် ဘာကြောင့်တိုက်တွန်းခဲ့လေသနည်း။

ဟင်းဟင်း...။

"ဒါပေမဲ့... ငါသာ တောင်ပေါ်ကို နည်းနည်းနောက်ကျပြီး တက်လာခဲ့ရင် ဒီဆီးနှင်းယုန်ဖြူကို ကျန်းဆန်ပို ကောက်သွားလောက်တယ်"

"သူ့စရိုက်က အောက်တန်းကျပေမဲ့ သူ့ကံကတော့ မဆိုးဘူး"

ဂျန်းချန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးသွား၏။

"နှမြောစရာပဲ၊ ငါ အရင်ရောက်နှင့်သွားပြီလေ။ ဟောကိန်းဝါးခြမ်းပြားလေးက နေ့လယ်မတိုင်ခင် သွားပါလို့ ဘာကြောင့် ညွှန်ပြခဲ့လဲဆိုတာ အံ့သြစရာ မဟုတ်တော့ဘူး။ ကျန်းဆန်ပို တစ်ကောင် အိပ်ရာထ နောက်ကျသွားတာလည်း ကံကောင်းတာပဲ"

သို့သော်လည်း နေ့လယ်ဘက်ကြီး တောင်ပေါ်တက်ကာ ထင်းခွေနိုင်သည်ဆိုခြင်းမှာပင် ဤအရပ်ရှိ လူပေလူတေများထဲတွင် အလုပ်ကြိုးစားသည်ဟု သတ်မှတ်ရပေလိမ့်မည်။

ဂျန်းချန် ရွာအဝင်သို့ လျှောက်လာချိန်တွင် ရွာသားအများအပြားလည်း အိမ်ပြန်နေကြသည်ကို တွေ့နေရသည်။

ဆောင်းရာသီဖြစ်သဖြင့် လယ်ယာလုပ်ငန်း သိပ်မရှိသော်လည်း သာမန်ပြည်သူများသည် ထင်းခွေခြင်းဖြစ်စေ၊ အိမ်ပြင်ခြင်းဖြစ်စေ လုပ်စရာအလုပ်များကို ရှာဖွေလုပ်ကိုင်ကြပြီး အလဟဿ အချိန်မဖြုန်းနေကြပေ။

ဂျန်းချန်သည် ရင်းနှီးသော ရွာသားအချို့ကို တွေ့သဖြင့် ဦးစွာ နှုတ်ဆက်လိုက်၏။

"ဒေါ်လေးချန်"

"ဦးလေးကျောက်၊ ထင်းခုတ်ပြီး ပြန်လာတာလားဗျ"

ထိုလူအချို့သည် အသံကြားသဖြင့် လှည့်ကြည့်လိုက်ကြပြီး ချက်ချင်းပင် လမ်းဘေးသို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားကြရာ သူ့ကို လုံးဝ ရှောင်ရှားလိုသည့် ပုံစံမျိုး ဖြစ်နေတော့သည်။

တစ်ယောက်ကလည်း လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

"ဒီကောင်လေး အသက်ရှင်နေတုန်းပါလား။ အအေးဒဏ်ကြောင့် ဘာလို့ အေးခဲပြီးမသေသွားပါလိမ့်"

"ဟုတ်ပ၊ အရက်နဲ့ အသားအတွက်နဲ့ မိသားစုရိက္ခာကို ရောင်းစားတယ်တဲ့လား။ ဒါ လူတစ်ယောက် လုပ်သင့်တဲ့ အလုပ်လား။ ငါ့သားသာဆိုရင် တုတ်နဲ့ အသေရိုက်သတ်ပစ်လိုက်ပြီ"

ဂျန်းချန်သည် ဦးစွာယဉ်ကျေးယဉ်ကျေး နှုတ်ဆက်ခဲ့သော်လည်း ထိုစကားများကို ကြားလိုက်ရသည့်အခါ မျက်နှာပျက်သွားခဲ့၏။

ရွာထဲတွင် သူ့ပုံရိပ်ကို ပြောင်းလဲရန် လိုအပ်နေသေးကြောင်း ဂျန်းချန် ခံစားလိုက်ရပေသည်။ သူသည် ကျောပေါ်ရှိ ထင်းစည်းကို အနည်းငယ် ရွှေ့လိုက်ရာ လူများသည် သူ၏ခါးတွင် ချိတ်ဆွဲထားသော ယုန်ကို ချက်ချင်း သတိပြုမိသွားကြ၏။

"ဟေ... ယုန်ကလည်း ဝဝတုတ်တုတ်ကြီးပါလား"

" ဂျန်းမိသားစုက ကောင်လေး မင်း အဲဒါ ဘယ်ကနေ ကောက်လာတာလဲ"

"ကျွန်တော် အမဲလိုက်လာတာ မဖြစ်နိုင်ဘူးလား"

ဂျန်းချန်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်၏။

"ဦးလေးကျောက်ကို မျက်စိကန်းနေတယ် ထင်လို့လား။ အမဲလိုက်ထားတာနဲ့ အလကားကောက်ရတာကိုတောင် ခွဲမသိနိုင်စရာလား"

ဂျန်းချန် စိတ်မရှည်စွာဖြင့် ပြန်ဖြေလိုက်သည်။ "တောင်ပေါ်ကပါ"

"ဟ တောင်ပေါ်က မဟုတ်ရင် ဘယ်က ဖြစ်ရမှာလဲ မြစ်ထဲကလား"

ကျောက်မျိုးနွယ် အဖိုးကြီးမှာ အပေါ်ယံအားဖြင့်သာ မေးမြန်းခြင်းဖြစ်၏။ထိုနေရာကို သိလျှင်ပင် ယခုအချိန်၌ ဘာမှ ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။

ဂျန်းချန်၏ စိတ်အနှောင့်အယှက်ဖြစ်နေသော မျက်နှာကို မြင်ပြီးနောက် သူက ပြုံးကာ ပြောလိုက်သည်။

"ဆွန်းကျင်မေ့ က ချန်ဟွာကို ခေါ်ပြီး မင်းတို့အိမ်ဘက် သွားနေတာ တွေ့ခဲ့တယ်။ သူတို့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းဖို့ သွားတာ ဖြစ်မယ်။ မင်း အိမ်ကို မြန်မြန်ပြန်သင့်တယ်"

"စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းဖို့လား...."

ဂျန်းချန် အနည်းငယ် အံ့အားသင့်သွား၏။

မူလက ယုန်ကို ကြည့်ရှုလိုကြသော ရွာသားများသည် ဤကိစ္စကို ကြားလိုက်ရသည်နှင့် စိတ်ဝင်စားမှုမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး သတင်းစုံလှသော ဦးလေးကျောက်ကို ဝိုင်းမေးကြတော့သည်။

"ဟမ် သူတို့ တကယ်ပဲ ဖျက်သိမ်းတော့မှာလား။ ဒါဆို အရင်က လက်ခံထားတဲ့ မင်္ဂလာလက်ဖွဲ့တွေ လက်ဆောင်ပစ္စည်းတွေကရော ဘယ်လိုလုပ်မလဲ"

"အဲဒီ မုဆိုးမဆွန်းရဲ့ စရိုက်နဲ့များ အဲဒါတွေကို အလွယ်တကူ ပြန်ထွေးထုတ်ပေးပါ့မလား။ ဒါ့အပြင် သူ့ဘက်ကလည်း အကြောင်းပြချက် ခိုင်လုံနေတာကိုး။ ဆောင်းရာသီရိက္ခာကို အရက်နဲ့ အသားအတွက် ရောင်းစားတဲ့သူကို ဘယ်သူကများ သမီးပေးရဲမှာလဲ"

" ဂျန်းမိသားစုက ကောင်လေး အိမ်ကို မြန်မြန်ပြန်ပေတော့။မဟုတ်ရင် မင်း ပို့ထားတဲ့ လက်ဆောင်ပစ္စည်းတွေ အားလုံး အလဟဿ ဖြစ်သွားလိမ့်မယ်"

ဂျန်းချန်သည် လူအနည်းငယ်၏ လေသံတိုးတိုးဖြင့် ပြောဆိုဆွေးနွေးနေမှုများကို ရှင်းလင်းစွာ ကြားလိုက်ရသော်လည်း ဒေါသထွက်မည့်အစား ဝမ်းသာအားရပင် ဖြစ်သွားခဲ့သည်။

"စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းမယ် ဟုတ်လား၊ ဒါ သတင်းကောင်းကြီးပဲ"

မူလပိုင်ရှင် အသက် ဆယ့်ခုနစ်နှစ်အရွယ်က ရွာထဲ အလုပ်မရှိ လေလွင့်နေစဉ် နှုတ်ခမ်းနီ လိမ်းခြယ်ထားသော ချန်ဟွာနှင့် ဆုံတွေ့ခဲ့၏။

ထိုအချိန်မှစ၍ အခြေအနေများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့တော့သည်။ သူသည် အချစ်ရူးတစ်ယောက် ဖြစ်လာခဲ့ပြီး ချန်ဟွာနှင့် လက်ထပ်ပေးရန် ဖခင်ဖြစ်သူအား ငိုယိုတောင်းပန်ခဲ့၏။

ချန်ဟွာ၏ မိခင်မှာ ဆွန်းကျင်မေ့ ဟု အမည်ရ၏။ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးနောက် သူမသည် ယောက္ခမကို ဒေါသထွက်အောင်လုပ်ကာ အသက်ထွက်စေခဲ့ပြီး ပြီးခဲ့သည့်နှစ်က ဘိုးဘွားပိုင်အိမ်ကိုပင် ရောင်းစားခဲ့သည်။

သူမ၏ စရိုက်မှာ တစ်စတစ်စ ပိုမိုဆိုးသွမ်းရက်စက်လာသဖြင့် ရွာထဲတွင် မည်သူမျှ သူမကို မထိဝံ့မစမ်းဝံ့ကြပေ။ ထို့ကြောင့် သူမ၏သမီးကို လာရောက်တောင်းရမ်းသူ အလွန်နည်းပါးခဲ့၏။

သို့သော် မူလပိုင်ရှင်၏ ရူးသွပ်နေသော သဘောထားက သူမအတွက် ငွေညှစ်ရန် အခွင့်ကောင်းကြီးတစ်ခု ဖြစ်လာခဲ့တော့သည်။

ဂျန်းယိုလင် လာရောက်တောင်းရမ်းသည့်အခါ သူမက မင်္ဂလာလက်ဖွဲ့အဖြစ် ငွေတေးနှစ်ဆယ် ဟူသော အဆမတန် မြင့်မားသည့် ပမာဏကို တောင်းဆိုခဲ့သည်။

မူလပိုင်ရှင်က သူမကို မရမက လက်ထပ်ယူမည်ဟု အတင်းအကျပ် တောင်းဆိုသဖြင့် ဂျန်းယိုလင်မှာ သဘောတူရုံမှတစ်ပါး အခြားမရှိတော့ဘဲ ငွေစုဆောင်းရဦးမည်ဟု ပြောဆိုကာ စေ့စပ်ကြောင်းလမ်းမှုကို သဘောတူခဲ့ကြခြင်း ဖြစ်သည်။

ထိုကာလအတွင်း ဂျန်းချန်သည် ချန်ဟွာအား ပေးရန် အိမ်မှ ပစ္စည်းများကို မကြာခဏ ခိုးယူလေ့ရှိ၏။

လွန်ခဲ့သော ရက်အနည်းငယ်က သူမသည် သစ်သားဆံထိုးတစ်ခုသာ ရှိကြောင်းနှင့် ဂျန်းချန်အား ငွေဆံထိုးတစ်ခု ပေးစေလိုကြောင်း အရိပ်အမြွက်ပြခဲ့သည်။ ထို့ကြောင့်ပင် သူသည် တောထဲတွင် အေးခဲကာ သေဆုံးလုနီးပါး ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

"ငွေတေးနှစ်ဆယ်တဲ့လား။ မူလပိုင်ရှင်ကတော့ တကယ်ကိုစောက်ရူးပဲကွာ။"

ထိုအကြောင်းကို တွေးမိရုံနှင့်ပင် ဂျန်းချန် လျှာသပ်မိတော့သည်။

သာမန်မိသားစုတစ်ခု၏ တစ်နှစ်တာ ကုန်ကျစရိတ်နှင့် အခွန်အခအားလုံး ပေါင်းလျှင်ပင် ငွေတေးနှစ်ဆယ် မပြည့်ချေ။

ဆွန်းကျင်မေ့ ကလည်း အဲ့လောက်ပမာဏအထိ တောင်းရဲသလို မူလပိုင်ရှင်ကလည်း တကယ်ပင် သဘောတူရဲခဲ့သည်။

"သူတို့ဘက်က ဦးဆောင်ပြီး စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးတယ်ဆိုတာ ကောင်းတဲ့ကိစ္စပဲ၊ ငါ့အတွက် အလုပ်ရှုပ် သက်သာတာပေါ့"

ထိုကဲ့သို့သော အမျိုးသမီးမျိုးကို သူ လက်ထပ်ယူဝံ့မည် မဟုတ်ပေ။

မူလပိုင်ရှင် လုပ်ခဲ့သလိုမျိုး သူမ၏ ခြေဖဝါးအောက်တွင် ဝပ်တွားခစားနေမည်လည်း မဟုတ်တော့ချေ။