XianxiaBox

ဝူရှ ရှန်းရှ နှင့် စာပေအစုံအလင်

အခန်း ၂ · စာမျက်နှာ ၁ / ၁

အခန်း (၃) တောင်ပေါ်တက်ခြင်း

ဂျန်းချန်သည် ဂျန်းနန်းဝမ်၏ ခေါင်းကို ပုတ်လိုက်ရင်း "နောက်တစ်ခါ ဒုတိယဦးလေး မြို့ထဲသွားရင် မင်းစားဖို့ ကြက်ကင်တစ်ကောင် ဝယ်လာပေးမယ်" ဟု ပြောလိုက်၏။

"တကယ်လား ဒုတိယဦးလေး"

ဂျန်းနန်းဝမ်၏ မျက်လုံးများ ပြူးကျယ်သွားကာ ဂျန်းချန်၏ အင်္ကျီလက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

သူ့တူမ ဂျန်းရှောင်ယွင်က မျက်စောင်းထိုးလိုက်ပြီး "နင် အရူးလား ဒုတိယဦးလေး စကားကို သွားယုံနေရအောင်လို့။"

"ဪ..."

ဂျန်းနန်းဝမ်သည် ယခင်က ဖြစ်ပျက်ခဲ့သည်များကို ချက်ချင်း ပြန်သတိရသွားပြီး ဂျန်းချန်၏လက်ကို လွှတ်လိုက်တော့သည်။

သူ့အကြည့်များထဲတွင် ဂျန်းချန်အပေါ် သံသယများ အပြည့်ဖြစ်သွား၏။

ဂျန်းချန်သည်အရင်က တူနှင့် တူမနှစ်ယောက်၏ ရိက္ခာများကို မရေမတွက်နိုင်အောင် ခိုးယူခဲ့သည့်အပြင် မိသားစု၏ စားနပ်ရိက္ခာများကိုပင် ထို ချန်ဟွာ ဆိုသည့် မိန်းမထံ ပေးခဲ့ဖူးလေသည်။ သူသာ ကြက်ကင်တစ်ကောင် ရလာလျှင် သူတို့အားဘာကြောင့်မှပေးမည်မဟုတ်ချေ။

"ရှောင်ယွင်၊ စကားပြောတာ သတိထား" ဂျန်းထျန်းက ငေါက်လိုက်၏။

ဂျန်းရှောင်ယွင်သည်မကျေမနပ်ဖြင့်မျက်နှာလွှဲလိုက်ပြီးဂျန်းထျန်းနှင့်ဆက်မငြင်း

တော့ပေ။

ထိုကလေးနှစ်ဦး ထွက်သွားသည်ကို ကြည့်ရင်း ဂျန်းချန်သည် သူ့၌ ကောင်းသည့်ဂုဏ်သတင်းတစ်ခုမှ မကျန်တော့ကြောင်းကိုသိသွားသဖြင့် သက်ပြင်းသာချမိပေတော့သည်။ သူ့အဖေကသာ သူ့ကို ရတနာတစ်ခုလို ဆက်လက် သဘောထားပေးနေဆဲ ဖြစ်သည်။

"ဒါပေမဲ့... ငါ တောင်ပေါ်က ပြန်ဆင်းလာရင်တော့ ကြက်ကင်မပါရင်တောင် အနည်းဆုံး ယုန်တစ်ကောင်တော့ ပါလာမှာပဲ။ ဒီည ယုန်သား စားလို့ရပြီ"

ခွက်ကို ပြန်ချလိုက်ပြီးနောက် ဂျန်းချန် မော့ကြည့်ကာ ပြောလိုက်သည်။

"အဖေ ကျွန်တော် တောင်နက်လေးပေါ် ခဏလောက် တက်ဦးမယ်။"

ဂျန်းယိုလင် မျက်မှောင်ကြုတ်သွား၏။

"တောင်နက်လေးပေါ် မင်း ဘာသွားလုပ်မလို့လဲ"

ဂျန်းထျန်းကလည်း ဝင်ပြောလေသည်။

"နှင်းတွေက အခုလေးတင် ကျထားတာ တောင်တက်လမ်းတွေက သွားရတာ အရမ်းခက်တယ်။ အခုလောလောဆယ် အပြင်မထွက်ပါနဲ့ဦး"

"ကျွန်တော် တောင်ပေါ်တက်ပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်မလို့ပါ။ တောကောင်တစ်ကောင်လောက် ဖမ်းမိရင် ကျွန်တော်တို့ ဒီည အသားစားရတာပေါ့။"

ဂျန်းထျန်း ချက်ချင်းပင် ဒေါသထွက်သွား၏။

"မင်း ဘာတွေ ရူးကြောင်ကြောင် လျှောက်ပြောနေတာလဲ။ မင်း လေးတောင် ကောင်းကောင်း မဆွဲနိုင်ဘဲနဲ့ အမဲလိုက်နိုင်မယ် ထင်နေတာလား"

"ကျွန်တော် ကံစမ်းကြည့်ရုံပါပဲ။ မရရင်လည်း ထင်းနည်းနည်း ရှာခဲ့တာပေါ့"

ဂျန်းချန် ပြောရင်း တံခါးဘက်သို့ ဦးတည်လျှောက်သွား၏။

"ပြန်လာစမ်း"

ဂျန်းထျန်းသည် သူ အမဲလိုက်သွားမည်ကို မယုံကြည်သဖြင့် ထရပ်ကာ ဂျန်းချန်၏ အင်္ကျီကို လှမ်းဆွဲလိုက်၏။

ဂျန်းချန် နှစ်ကြိမ်ခန့် ရုန်းသော်လည်း မရုန်းနိုင်သလို မည်သို့ ရှင်းပြရမည်မှန်းလည်း မသိတော့ပေ။

ထို့ကြောင့် သူ လှည့်ကြည့်ကာ ဂျန်းထျန်းအား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး "ငါ့ကို လာမရှုပ်နဲ့" ဟု အော်လိုက်၏။

သူသည် ငယ်စဉ်ကတည်းက စားကောင်းသောက်ဖွယ်များစားရကာ အလိုလိုက်ခံထားရသူဖြစ်သဖြင့် အသက်ငယ်သော်လည်း ဂျန်းထျန်းထက် ခေါင်းတစ်လုံးခန့် ပိုအရပ်ရှည်လေသည်။

ထိုစူးရဲသော အကြည့်ကြောင့် ဂျန်းထျန်းမှာ လန့်ဖျပ်ကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားခဲ့ရ၏။

"မင်း... အဖေ့ကို စိတ်မပူရအောင် ထားစမ်းပါကွာ၊ ဟုတ်ပြီလား"

ဂျန်းချန်သည် ချိုင်းထောက်ကို အားပြုကာ မတ်တတ်ရပ်ရန် ကြိုးစားနေသော ဂျန်းယိုလင်ကို ကြည့်လိုက်၏။

နောက်ဆုံးတွင် သူ ပြောနိုင်သည်မှာ "အဖေ ကျွန်တော် ခဏနေရင် ပြန်လာခဲ့မယ်။"

ပြောပြီးသည်နှင့် သူ အပြင်ဘက်သို့ ထွက်လာခဲ့တော့သည်။

ဂျန်းယိုလင် သက်ပြင်းချလိုက်သော်လည်း ဂျန်းချန်အား လှမ်းခေါ်လိုက်သေးသည်။

"ချန်လေး အပြင်မှာ အရမ်းအေးတယ်။ အဖေ့ ခွေးသားရေဝတ်ရုံကြီးကို ဝတ်သွားချေ။"

ခွေးသားရေဝတ်ရုံမှာ ဆောင်းရာသီ ခွေးသားရေများကို အထူးနယ်၍ ပြုလုပ်ထားသောသားမွှေးဝတ်ရုံထူကြီးပင် ဖြစ်သည်။ ဆောင်းရာသီတိုင်းတွင် ဂျန်းယိုလင်သည် ထိုဝတ်ရုံကိုဝတ်၍ တောင်ပေါ်တက်လေ့ရှိရာ သာမန် ဝါဂွမ်းထည်အဝတ်အစားများထက် အများကြီးပိုနွေးထွေးပေသည်။

ဂျန်းချန်သည် နံရံတွင် ချိတ်ဆွဲထားသော ခွေးသားရေဝတ်ရုံကို ကြည့်လိုက်ပြီး "မိုးမချုပ်ခင် ပြန်လာခဲ့မယ်" ဟု ပြောလိုက်၏။

ပြောပြီးသည်နှင့် ခွေးသားရေဝတ်ရုံကို ကောက်ဝတ်ကာ လေအေးများကြားထဲသို့ ထွက်သွားတော့သည်။

ဂျန်းထျန်းသည် ထွက်သွားသော ကျောပြင်ကို ကြည့်ရင်း သက်ပြင်းရှည်ကြီးချကာ အားမရှိသလို ထိုင်ချလိုက်၏။

ဂျန်းယိုလင်သည် ချိုင်းထောက်ကို အသုံးပြု၍ မတ်တတ်ရပ်ကာ စိတ်ဓာတ်ကျနေဟန်ဖြင့် သူ့အခန်းထဲသို့ ပြန်လှည့်ဝင်သွားခဲ့ပေတော့သည်။

ဂျန်းနန်းဝမ်သည် ဂျန်းချန် ထွက်သွားသည့်ဘက်ကို လှမ်းကြည့်ကာ မေးလိုက်၏။

"ဖေဖေ၊ ဒုတိယဦးလေးက အမဲလိုက်သွားရင် သားတို့ စားဖို့ အသားတွေ ယူလာပေးမှာလားဟင်"

အဖိုးဖြစ်သူ တောင်ပေါ်သို့ အမဲလိုက်တက်နိုင်သေးသည့်အချိန်က မိသားစုတွင် တစ်ခါတရံ အသားစားရဖူးသည်ကို သူ မှတ်မိနေသည်။ ရောင်းရခက်သော ကလီစာများသာ ဖြစ်ခဲ့လျှင်ပင် အသားသည် အသားပင် ဖြစ်ခဲ့သည်။

သို့သော် အဖိုး ဒဏ်ရာရသွားသည့်အချိန်မှစ၍ မိသားစုတွင် အသားမစားရတော့သည်မှာ ကြာချေပြီ။

ဂျန်းရှောင်ယွင်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး "နင်က တကယ့် အရူးပဲ။ ဒုတိယဦးလေး အသားရလာရင်တောင် ငါတို့ကို ဘယ်ပေးမလဲ။"

"ဪ၊ ဟုတ်သားပဲ"

ဂျန်းနန်းဝမ် နှုတ်ခမ်းစူလိုက်ရင်း "ဒုတိယဦးလေးက အရမ်းကပ်စေးနည်းတာပဲ။"

ဂျန်းထျန်း၏ မျက်နှာထား တင်းမာသွား၏။

"နင်တို့ ဒုတိယဦးလေးကို အဲဒီလို မပြောရဘူးကွ။ယဉ်ကျေးမှု မရှိကြတော့ဘူးလား"

"ရှင်က ကလေးတွေကို လာဆူနေပြန်ပြီ"

ချန်ချောင်ချွေ့သည် ကလေးနှစ်ယောက်ကို ရင်ခွင်ထဲ ဆွဲသွင်းကာ ကာကွယ်လိုက်ရင်း "ရှင်လည်း တောင်ပေါ်တက်ပြီး ထင်းပိုရမလား ကြည့်ဖို့ အချိန်ရှာဦးလေ။ ရာသီဥတုက ပိုအေးလာပြီဆိုတော့ မြို့ထဲ သွားရောင်းရင် ငွေနည်းနည်းရဦးမှာ။"

"ငါ သိပါတယ်" ဂျန်းထျန်း တိုးတိုးသာ ပြန်ဖြေလိုက်သည်။

မူလက သူ ဤအကြံအစည်ရှိသော်လည်း ယခုအချိန်တွင် သူ အစိုးရိမ်ဆုံးဖြစ်နေသည်မှာ စားနပ်ရိက္ခာ ချေးငှားရန်ပင် ဖြစ်သည်။

ရိက္ခာချေးဖို့...

ယခုလို ရာသီမျိုးတွင် ရွာသူကြီးထံသာ ချေးငှားရန် သွားပြောနိုင်သည်။ ရွာသူကြီးအိမ်တွင်သာ အပိုရိက္ခာ ထုတ်ချေးပေးနိုင်စွမ်း ရှိပေသည်။

သို့သော် ကိုးတင်းချေးလျှင် ဆယ့်သုံးတင်း ပြန်ဆပ်ရမည့်အပြင် လယ်မြေကိုလည်း အပေါင်ထားပေးရမည် ဖြစ်သည်။

လာမည့်နှစ်တွင် အကြွေးမဆပ်နိုင်ပါက လယ်တစ်ဧက ဆုံးရှုံးသွားရုံမက သားမိုက်တစ်ယောက်အဖြစ် ကဲ့ရဲ့ရှုတ်ချခံရပေလိမ့်မည်။

"ရှင် ထင်လား..."

ဂျန်းယိုလင် အခန်းထဲ ဝင်သွားသည်ကို မြင်တော့ ချန်ချောင်ချွေ့သည် ပန်းကန်များသိမ်းရန် ထရပ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အငယ်ကောင်က အဲဒီ ခွေးသားရေဝတ်ရုံကြီးကို ပေါင်စားဖို့ ယူသွားတယ်လို့ ထင်လားဟင်။ အဲဒီဝတ်ရုံက တော်တော်လေး တန်ဖိုးရှိတာနော်။"

ဂျန်းထျန်း ချက်ချင်းပင် လန့်ဖျပ်သွားခဲ့တော့သည်။

"သူ တောင်ပေါ်သွားတာ လုံးဝမဟုတ်ဘူး၊ မြို့ထဲသွားတာ ငါ သူ့နောက် အမြန်လိုက်သွားမှပဲ"

သို့သော် ဂျန်းထျန်း လိုက်သွားသည့်လမ်းမှာ မြို့ဘက်သို့ဖြစ်ပြီး ဂျန်းချန်မှာမူ တောင်ပေါ်သို့ တကယ်တက်သွားခြင်းဖြစ်ရာ ထိုနှစ်ဦးမှာ သဘာဝကျစွာပင် တစ်ယောက်နှင့်တစ်ယောက် တွေ့နိုင်တော့မည် မဟုတ်ပေ။