XianxiaBox
ဝူရှ ရှန်းရှ နှင့် စာပေအစုံအလင်
အခန်း (၄) သစ်ငုတ်အနီး ယုန်စောင့်ဖမ်းခြင်း နှင့် ကျန်းဆန်ပို
တောင်သုံးလုံးကျေးရွာဟု အမည်တွင်ရခြင်းမှာ ရွာဘေးတွင် တောင်ကြီးသုံးလုံး တည်ရှိနေသောကြောင့် ဖြစ်သည်။
တောင်တစ်လုံးစီတိုင်းသည် တစ်လုံးထက်တစ်လုံး ပိုကြီးပြီး အန္တရာယ်များလှ၏။
ရွာနှင့် အနီးဆုံးတောင်မှာ တောင်နက်လေးပင် ဖြစ်သည်။
မုဆိုးများသည် တောင်ပေါ်သို့တက်၍ အမဲလိုက်ခြင်း၊ ထင်းခွေခြင်းများကို မကြာခဏ ပြုလုပ်လေ့ရှိကြ၏။
ယခုအခါ ရွာဘက်သို့ မျက်နှာမူနေသော တောင်စောင်းသည် အတော်အတန် ပြောင်သလင်းခါနေပြီဖြစ်ရာ သားကောင်များမှာလည်း တစ်စတစ်စ ရှားပါးလာခဲ့သည်။
ဂျန်းချန် တောင်နက်လေး၏ ခြေရင်းသို့ ရောက်ရှိချိန်တွင် နေမှာ မိုးကောင်းကင်ထက်သို့ မြင့်တက်နေပြီဖြစ်ကာ မနက်အချိန် အတော်ပင် ကုန်လွန်နေပြီ ဖြစ်သည်။
သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မနေ့တစ်နေ့က ကျထားသော နှင်းများမှာ အရည်မပျော်သေးသည့်အပြင် သားကောင်ခြေရာများလည်း မတွေ့ရသဖြင့် အမဲလိုက်ရန် အချိန်ကောင်း မဟုတ်ပေ။
သို့သော် သူသည် အမှန်တကယ် အမဲလိုက်ရန် မလိုအပ်ပေ။
ယနေ့ သူလုပ်ဆောင်ရမည့်အရာမှာ သစ်ငုတ်တိုအနီးတွင် ယုန်စောင့်ဖမ်းခြင်း သာ ဖြစ်သည်။
ဦးတည်ရာလမ်းကြောင်းကို ဆုံးဖြတ်ပြီးနောက် ဂျန်းချန်သည် ဗေဒင်ဝါးခြမ်းပြားက ညွှန်ပြထားသည့် အရပ်ဆီသို့ လျှောက်လှမ်းသွားခဲ့၏။
မကြာမီပင် သူသည် အနက်ရောင်တောင်ငယ်လေး၏ တောင်ဘက်စောင်းသို့ ရောက်ရှိလာခဲ့တော့သည်။
ဤနေရာသည် နေရောင်ခြည်နှင့် မျက်နှာချင်းဆိုင်ဖြစ်နေသဖြင့် ပါးလွှာသော နှင်းလွှာများမှာ စတင်အရည်ပျော်နေပြီဖြစ်သော်လည်း အခြားနေရာများထက် ပိုအေးစက်ကာ စိုစွတ်နေပေသည်။
ဂျန်းချန် ရှေ့သို့ချဉ်းကပ်သွားစဉ် နှင်းပေါ်၌ ပြန့်ကျဲနေသော ယုန်ခြေရာများကို တွေ့လိုက်ရ၏။
"အားလုံး ယုန်ခြေရာတွေချည်းပဲ။ အနီးအနားမှာ ယုန်တွင်းတစ်ခု ရှိနေပုံရတယ်... ငါသာ ထောင်ချောက်တချို့ ဆင်ထားနိုင်ရင် အခြားအကျိုးအမြတ်တွေ ရနိုင်ဦးမှာ။"
စိတ်ကူးတစ်ခု ရရှိခဲ့သော်လည်း ဂျန်းချန် လက်တွေ့မလုပ်ဆောင်နိုင်သေးပေ။
အခြားအကြောင်းကြောင့် မဟုတ်ဘဲ ထိုသို့ပြုလုပ်ရန် သူ မတတ်ကျွမ်းသောကြောင့်သာ ဖြစ်သည်။
ထောင်ချောက်ဆင်လိုပါက သူ့ဖခင်အား ဦးစွာ တိုင်ပင်ဆွေးနွေးရပေလိမ့်မည်။
မြေပြင်ပေါ်ရှိ ခြေရာများကို ခေတ္တလျစ်လျူရှုထားကာ ဂျန်းချန်သည် ဗေဒင်ဝါးခြမ်းပြားက ညွှန်ပြထားသည့် သစ်ပင်ကြီးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။
သူ မျက်လုံးများကို အားရပါးရ ပွတ်သပ်ကြည့်လိုက်ရာ နှင်းများကြားမှ ထိုးထွက်နေသော အမွှေးဖြူဖြူ အစုအဝေးလေးတစ်ခုကို ရေးတေးတေး မြင်လိုက်ရသဖြင့် ရှေ့သို့ အမြန်ပြေးသွားကာ ဆွဲယူလိုက်တော့သည်။
တောင့်တောင့်ခဲခဲ ဖြစ်နေသော ယုန်တစ်ကောင်ကို သူမြှောက်လိုက်၏။
"တော်တော်ကြီးတာပဲဟ"
ဂျန်းချန် ဝမ်းသာအားရ ဖြစ်သွား၏။ယခုဆိုလျှင် သူ စားစရာအသား ရရှိပြီ ဖြစ်သည်။
သူ့တူနှင့် တူမတို့ရှေ့တွင် နောက်ဆုံး မျက်နှာပန်းလှနိုင်တော့ပေမည်။
ဂျန်းချန်သည် ယုန်ကို ခါးတွင် ချိတ်ဆွဲလိုက်သော်လည်း ချက်ချင်းမထွက်သေးဘဲ ယုန်ခြေရာများဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။
ဤပထမဆုံး နှင်းကျဆင်းမှု၏ ကျေးဇူးကြောင့် ခြေရာများမှာ အလွန်ပင် ထင်ရှားနေပေသည်။
ခြေရာများနောက်သို့ တစ်လျှောက်လုံး လိုက်ကြည့်ရာ အနီးအနားရှိ သစ်ပင်ကြီးတစ်ပင်၏ အောက်ခြေတွင် ရပ်တန့်သွားသည်ကို တွေ့လိုက်ရ၏။
သစ်မြစ်ဆုံအနီး ဝါညစ်ညစ်နှင့် ခြောက်သွေ့နေသော မြက်ပင်များအောက်တွင် ဖုံးကွယ်ထားသော မြေတွင်းပေါက်တစ်ခု ရှိနေ၏။
"ဒီနေရာပဲ"
ဂျန်းချန် နှုတ်ခမ်းထောင့်များ ကွေးညွတ်အောင်ပြုံးလိုက်၏။
သူသည် ကျောက်ခဲတစ်လုံးကို ကောက်ယူကာ တွင်းဝတွင် တင်ထားလိုက်သည်။
"အမှတ်အသား လုပ်ထားပြီး မနက်ဖြန်ကျရင် ထောင်ချောက်လာဆင်ရမယ်။"
သူ မတ်တတ်ရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ အချိန်စောသေးသဖြင့် သူသည် ထင်းခွေရန် စတင်လိုက်သည်။
တောင်ပေါ်ဒေသခံများသည် ထင်းအဖြစ် သစ်ကိုင်းခြောက်များ၊ သစ်တုံးဆွေးများနှင့် သစ်ရွက်ခြောက်များကိုသာ ကောက်ယူခွင့်ရှိသည်။
အာဏာပိုင်တို့၏ ခွင့်ပြုချက်မရှိဘဲ သစ်ပင်ကြီးများကို ခုတ်လှဲပါက ပြစ်ဒဏ်ခတ်ခံရမည် ဖြစ်သည်။
ထို့ကြောင့် တောင်နက်လေးတွင် သစ်ပင်များ ပေါများသော်လည်း အောက်ခြေပိုင်းများမှာ လုံးဝ ပြောင်သလင်းခါနေပေသည်။ ထင်းပိုရရှိရန် သစ်ပင်ပေါ်သို့ တက်ရမည်ဖြစ်ရာ ထင်းခွေခြင်းမှာ အမှန်တကယ်ပင် ပင်ပန်းသော ကိုယ်လက်လှုပ်ရှားမှုတစ်ခုပင် ဖြစ်သည်။
ဂျန်းချန်မှာ မူလကတည်းက အတွေ့အကြုံမရှိသူတစ်ဦးဖြစ်သဖြင့် တစ်မနက်လုံးနီးပါး အလုပ်လုပ်ပြီးနောက် ထင်းစည်း သေးသေးလေးတစ်ခုသာ စုဆောင်းနိုင်ခဲ့သည်။
သူသည် ထင်းစည်းကို ချည်နှောင်ရန် ခါးမှ အဝတ်စတစ်ခုကို ဆွဲထုတ်လိုက်၏။ ပြီးနောက် ထင်းစည်းကို ပခုံးပေါ်ထမ်းတင်ကာ တောင်ပေါ်မှ ဆင်းရန် ဟန်ပြင်လိုက်စဉ် နောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဂျန်းချန်လား"
ဂျန်းချန် လှည့်ကြည့်လိုက်ရာ သူ့အရွယ်ခန့် လူငယ်တစ်ဦးကို တွေ့လိုက်ရ၏။
ထိုလူငယ်သည် စုတ်ပြတ်နေသော ဝါဂွမ်းထည်အင်္ကျီကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို အင်္ကျီလက်စထဲ ထိုးထည့်ကာ လျှောက်လာရင်း "တကယ်ပဲကိုး ဘာမှမဖြစ်ဘူးပေါ့။ တောင်ပေါ်တောင်တက်ပြီး ထင်းခွေနေသေးတယ်"
"ကျန်းဆန်ပို...."
ဂျန်းချန် ထိုလူကို ချက်ချင်းမှတ်မိသွားပြီး မျက်နှာထားမှာ အနည်းငယ် တင်းမာသွားခဲ့သည်။
ကျန်းဆန်ပိုသည် သူ့ထက် နှစ်နှစ်ခန့် အသက်ကြီးပြီး မူလပိုင်ရှင်၏ မိတ်ဆွေယုတ်များထဲမှ တစ်ဦး ဖြစ်ပေသည်။
ဂျန်းချန်၏ မှတ်ဉာဏ်ထဲတွင် ထိုကောင် အများဆုံးလုပ်လေ့ရှိသည့် အလုပ်မှာ ဂျန်းချန်အား အိမ်မှ အဖိုးတန်ပစ္စည်းများကို ခိုးယူစေပြီး အရက်နှင့် အသားများ ဝယ်ယူခိုင်းကာ သူကိုယ်တိုင် အလကားဝင်စားခြင်းပင် ဖြစ်သည်။
ထို့အပြင် မိသားစုဝင်များ ဖျားနာနေသည်ဟု အကြောင်းပြကာ ဂျန်းချန်ထံမှ ငွေကြေးများကို အကြိမ်ကြိမ် တောင်းခံခဲ့ဖူးပြီး ယနေ့တိုင် ဂျန်းချန်ထံသို့ ကြေးပြားတစ်ပြားမှ ပြန်လည်မရောက်ရှိဖူးပေ။
လွန်ခဲ့သည့် နှစ်ရက်က ဆံထိုးဝယ်ပြီး အရက်နှင့်အသားငါးလဲလှယ်ရန် မိသားစု၏ ရိက္ခာများကို ခိုးယူခဲ့ခြင်းမှာလည်း သူ့အကြံအစည်ပင် ဖြစ်သည်။
ကျန်းဆန်ပိုသည် ဂျန်းချန် ဝတ်ဆင်ထားသော ခွေးသားရေဝတ်ရုံကို ကြည့်လိုက်ပြီးနောက် သူ၏ စုတ်ပြတ်နေသော ဝါဂွမ်းအင်္ကျီကို ပြန်ကြည့်ကာ မနာလိုစိတ်ကို ထိန်းမနိုင်ဖြစ်သွားလေသည်။
သူ့မျက်လုံးများကို ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုလိုက်၏။ သူသည် ဂျန်းချန်ကို တံတောင်ဖြင့် တွတ်လိုက်ပြီး ပြုံးစစဖြင့် ပြောလိုက်သည်။
"မင်းရဲ့ အဲ့ဒီဝတ်ရုံကြီးကို အပေါင်ဆိုင်ပို့ရင် ဈေးကောင်းကောင်း ရလောက်တယ်။ ဒီနေ့ အရမ်းအေးတာပဲကွာ၊ မြို့ထဲသွားပြီး အအေးပြေ အရက်လေးဘာလေး သွားသောက်ကြမလား"
ဂျန်းချန် သရော်ပြုံး ပြုံးလိုက်မိသည်။ ဤ ကျန်းဆန်ပို သည် သူ၏ အကျင့်ဆိုးများကို အမှန်တကယ် မပြင်သေးဘဲ ချက်ချင်းပင် လှည့်စားရန် ကြံစည်နေပြန်ချေပြီ။
သူက မျက်နှာပြောင်တိုက်ကာ ပြောလိုက်၏။
"မင်းရဲ့ ဝါဂွမ်းအင်္ကျီကလည်း ကြေးပြား ဆယ်ဂဏန်းလောက်တော့ တန်တာပဲ။ မင်း အရင်သွားရောင်းပြီး အရက်တစ်အိုးလောက် ဝယ်လိုက်ပါလား"
ကျန်းဆန်ပို ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွား၏။
"မင်း နောက်နေတာလား။ ဒါ ငါ့အိမ်မှာရှိတဲ့ တစ်ထည်တည်းသော ဝါဂွမ်းအင်္ကျီကွ။ ငါသာ ပေါင်လိုက်ရင် ဘာဝတ်ရမှာလဲ"
ဂျန်းချန် သူ့ကို အာရုံမစိုက်တော့ဘဲ ကောက်ယူထားသော ထင်းများကို ကျောပိုးလိုက်သည်။
"မရောင်းချင်ရင်လည်း ဘေးဖယ်ပေးစမ်း။ ငါ့လမ်းကို လာမပိတ်နဲ့။"
ကျန်းဆန်ပို ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး ဂျန်းချန်က သူ့အား ဒီလို ပြောဆိုလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
အရင်တုန်းကဆိုလျှင် သူတို့နှစ်ဦးသည် ညီအစ်ကိုများသဖွယ် ခေါ်ဝေါ်ဆက်ဆံခဲ့ကြပြီး ဂျန်းချန်က သူ့အပေါ်တွင် သူ့အစ်ကိုရင်းထက်ပင် ပိုကောင်းစွာ ဆက်ဆံခဲ့ဖူးသည်။
သူ စဉ်းစားမရသေးမီမှာပင် ဂျန်းချန်ခါးတွင် ချိတ်ဆွဲထားသော ဝဝဖြိုးဖြိုး ယုန်တစ်ကောင်ကို မြင်သွားခဲ့၏။
သူ့မျက်နှာမှာမူ ဝမ်းသာအားရသည့်မျက်ခွက်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။
"မင်း ယုန်တစ်ကောင် ဖမ်းမိတာလား။ မင်း ကင်စားမလို့လား ဒါမှမဟုတ် ချက်စားမလို့လား"
သူ့စကားပင် မဆုံးသေးမီ လက်က လျင်မြန်စွာ ထိုးထွက်လာပြီး ဂျန်းချန်၏ ခါးမှ ယုန်ကို ဆွဲယူလိုက်သည်။
"ဟား... တော်တော်ကြီးပါလား။ အနည်းဆုံး သုံးပေါင်ကျော်လောက်တော့ လေးမှာပဲ။"
"အချိန်ကိုက်ပဲဟေ့။ မင်းရဲ့ မရီးက ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက နေမကောင်းဖြစ်နေတာ။ သူ အားရှိသွားအောင် ငါ ဒါလေး ယူသွားလိုက်မယ်။ ဂျန်းချန် မင်းကတော့ တကယ်ကို သစ္စာရှိတဲ့ ညီအစ်ကိုကောင်းပဲကွာ"
ပြောရင်းဖြင့် သူသည် ဂျန်းချန်အား လက်မထောင်ပြလိုက်လေသည်။
ဂျန်းချန် ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်ချင်မိသွားသည်။ သူ စကားတစ်ခွန်းတောင် မပြောရသေးဘဲ ယုန်ကို သူ့ဘာသာသူ အပိုင်ပေးလိုက်သလိုလုပ်ရဲ၏။
အကယ်၍ မူလပိုင်ရှင်သာဆိုလျှင် မြှောက်ပင့်သွေးထိုးစကားများဖြင့် မြောက်သွားပြီး တကယ်ပင် ပေးလိုက်မိပေလိမ့်မည်။
သို့သော် ဤခန္ဓာကိုယ်၏ ပိုင်ရှင်မှာမူ ပြောင်းလဲသွားခဲ့သည်မှာ ကြာချေပြီ။
ကျန်းဆန်ပိုသည် ယုန်ကို ပွတ်သပ်ကာ ပျော်ရွှင်နေစဉ်မှာပင် ဂျန်းချန်သည် ခါးမှ ထင်းခုတ်ဓားကို ဆွဲထုတ်လိုက်ပြီး ကျန်းဆန်ပို၏ လည်ပင်းဆီသို့ တေ့ထားလိုက်ပြီး ဖြစ်သည်။
မူလပိုင်ရှင် သေဆုံးရခြင်းကို ဖြစ်စေခဲ့သည့် ထိုလူအပေါ် သူ မည်သည့် သနားညှာတာမှုမျှ မရှိချေ။
ကျန်းဆန်ပိုသည် ယုန်ကို ရင်ခွင်ထဲ ထိုးထည့်ရန် အလုပ်ရှုပ်နေစဉ် လည်ပင်းတွင် အေးစက်စက် အထိအတွေ့ကို ရုတ်တရက် ခံစားလိုက်ရ၏။ သူ မော့ကြည့်လိုက်ရာ ဓားတစ်လက်ကို တွေ့လိုက်ရ၏။
သူ့အသံမှာ အနည်းငယ် တုန်ယင်လာခဲ့သည်။
"ဂျန်းချန်... မင်း ဘာလုပ်နေတာလဲ။ ငါ့ကိုလာနောက်မနေစမ်းပါနဲ့ကွာ"
"နောက်တယ်တဲ့လား ဒါဆိုရင် ပြုံးပြစမ်းပါဦး" ဂျန်းချန်က အေးစက်စွာ ပြောလိုက်၏။
"ဟီး..."
ကျန်းဆန်ပိုသည် တင်းမာနေသော နှုတ်ခမ်းများကို အတင်းပြုံးရန် ကြိုးစားသော်လည်းမပြုံးနိုင်ချေ။
"ဒါ ယုန်တစ်ကောင်လေးတင်ပါကွာ၊ ဒီလောက်ထိ လုပ်ဖို့ လိုလို့လား။ မင်းက ညီအစ်ကိုသစ္စာကို အလေးထားဆုံးလူ မဟုတ်ဘူးလား"