XianxiaBox

ဝူရှ ရှန်းရှ နှင့် စာပေအစုံအလင်

အခန်း ၁ · စာမျက်နှာ ~၁ / ၂

အခန်း (၁) အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်ခြင်းလား

မဟာကျိုးနိုင်ငံ၊ ရှန်းယဲ့ (၁၈) ခုနှစ်၊ တောင်သုံးလုံးကျေးရွာ။

ဆောင်းရာသီ၏ ပထမဆုံး နှင်းများကျဆင်းချိန်ပင်။

မြောက်လေကြမ်းတို့သည် သစ်သားတံခါးကို တဝုန်းဝုန်း ရိုက်ခတ်နေသဖြင့် ဆူညံသံများ ထွက်ပေါ်နေသည်။

အခန်းတစ်ခုအတွင်းရှိ ကုတင်ပေါ်၌ လူငယ်တစ်ဦးမှာ မျက်နှာကျက်ကို ငေးကြောင်ကြည့်ရင်း လှဲလျောင်းနေ၏။

"အမြှောက်ကြိုက်ပြီး ဖားတတ်တဲ့ကောင်တွေ ကောင်းကောင်းမသေဘူးဆိုတာ တကယ်ပဲ"

"ဒါပေမဲ့ မင်းကတော့ သေပြီး ငါ့အတွက် ဒီရှုပ်ထွေးနေတဲ့ ပြဿနာတွေကို ချန်ထားခဲ့တယ်ပေါ့လေ..."

"ဆောင်းတွင်းက ချက်ချင်းကြီး ရောက်လာတော့မယ်၊ အိမ်မှာက စားစရာ ဘာမှမကျန်တော့ဘူး။ ဒီကမ္ဘာကို ကူးပြောင်းလာပြီး ချက်ချင်းကြီးပဲ အငတ်ဘေးကြုံပြီး သေရတော့မှာလား"

ထိုလူငယ်၏အမည်မှာ ဂျန်းချန် ဖြစ်ပြီး ၂၁ ရာစုမှ သာမန် ရုံးဝန်ထမ်းတစ်ဦး ဖြစ်သည်။

အိမ်အပြန်လမ်းတွင် ရေထဲပြုတ်ကျသွားသည့် သားအမိနှစ်ဦးကို ကယ်ရန် ကြိုးပမ်းခဲ့ရာမှ ထိုသားအမိကို ကယ်တင်နိုင်ခဲ့သော်လည်း သူကိုယ်တိုင်မှာမူ ပြန်လည်လွတ်မြောက်မလာနိုင်ခဲ့ပေ။

နိုးလာသည့်အခါ သူသည် သူ့နာမည်နှင့် တူသော တောင်သုံးလုံးရွာသားတစ်ဦး ဖြစ်လာခဲ့သည်။

အစကတော့ ဒုတိယအကြိမ် ဘဝသစ်တစ်ခု ပြန်ရလာသည့်အတွက် သူ အလွန်ဝမ်းသာခဲ့မိသည်။

သို့သော် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကို ပြန်လည်သုံးသပ်ကြည့်ပြီးနောက် သူ ဒေါသတကြီး ဆဲဆိုမိတော့သည်။

မူလပိုင်ရှင်မှာ အသက် ၁၈ နှစ်ရှိပြီး မိခင်ဖြစ်သူမှာမူ ငယ်စဉ်ကတည်းက ကွယ်လွန်ခဲ့သည်။ မိသားစုတွင် သူ့အဖေ၊ အစ်ကို၊မရီး၊ တူနှင့် တူမတို့သာ ရှိကြပေသည်။

မိခင်ကွယ်လွန်ချိန်တွင် မူလပိုင်ရှင်မှာ အလွန်ငယ်ရွယ်သေးသောကြောင့် ဖခင်ဖြစ်သူ၏ အလိုလိုက်ခြင်းကို တဖြည်းဖြည်း ခံခဲ့ရပုံရသည်။

အခြားကလေးများသည် အသက် ၁၃ နှစ်၊ ၁၄ နှစ်အရွယ်ကတည်းက လယ်ထဲဆင်း အလုပ်လုပ်ကြသော်လည်း သူကမူ အသက် ၁၈ နှစ်အထိပင် အလုပ်အကိုင်မရှိ တစ်နေကုန် လေလွင့်သောက်စားပြီး လက်ဆော့ကာခိုးဝှက်လေ့ရှိသည်။

ရွာသားများ၏ အပြောအရဆိုလျှင် သူသည် စံပြ အပေအတေ တစ်ဦးပင် ဖြစ်သည်။

ယခုနှစ်တွင် ကောက်ပဲသီးနှံ ရိတ်သိမ်းမှု မကောင်းသဖြင့် မိသားစု၌ သိုလှောင်ထားသော စားနပ်ရိက္ခာမှာအလွန် နည်းပါးလှ၏။

သူ့ဖခင်မှာလည်း တောင်ပေါ်တွင် အမဲလိုက်ရင်း ခြေထောက်ကျိုးသွားခဲ့၏။ ဒဏ်ရာကို ဆေးကုသရသဖြင့် ငွေကြေးများစွာ ကုန်ကျခဲ့ပြီး ယခုအခါ ချိုင်းထောက်ကို အားပြုနေရဆဲဖြစ်ရာ မိသားစုဘဝမှာ ပိုမိုခက်ခဲကြပ်တည်းလာခဲ့သည်။

သို့သော်လည်း သူတစ်ဖက်သတ်ချစ်နေသည့် ချန်ဟွာဆိုသည့်မိန်းကလေး ၏ဖျားယောာင်းမှုနှင့်သူ့နားရှိ သူ့ ညီအစ်ကို ဆိုသူများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် မူလပိုင်ရှင်သည် မိသားစု၏ ဆောင်းရာသီရိက္ခာများကို ခိုးယူကာ မြို့ထဲသို့သွား၍ ဆံထိုးတစ်ခုနှင့် လဲလှယ်ခဲ့ပြီး ချန်ဟွာအား ချစ်သက်လက်ဆောင်အဖြစ် ပေးရန် ရည်ရွယ်ခဲ့သည်။

ကျန်ရှိသောငွေများကိုမူ သူ၏ မိတ်ဆွေကောင်းဖြစ်သူ ကျန်းဆန်ပို နှင့်အတူ သောက်စားမူးယစ်ရန် အရက်နှင့် အသားများ ဝယ်ယူစားသောက်ခဲ့ကြပေသည်။

အိမ်အပြန်လမ်းတွင်မူ သူသည် အလွန်မူးလာကာ ရွာအပြင်ဘက်ရှိ လမ်းဘေးတစ်နေရာတွင် သတိလစ်လဲကျသွားပြီး ဆီးနှင်းနှင့် လေအေးဒဏ်ကို တစ်ညလုံး ခံစားခဲ့ရတော့၏။

လမ်းသွားလမ်းလာများကမူ မနေ့ကမှ သူ့ကိုတွေ့ရှိခဲ့သဖြင့် အစ်ကိုဖြစ်သူ ဂျန်းထျန်း က အိမ်သို့ ထမ်းပြီးသယ်လာခဲ့ခြင်း ဖြစ်သည်။

တစ်ရက်လုံး အိမ်မှာ လှဲနေခဲ့ပြီးနောက် ပြန်နိုးလာချိန်တွင် ထိုခန္ဓာကိုယ်အတွင်း၌ အခြားကမ္ဘာမှ ဂျန်းချန်တစ်ဦး ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ထို့အပြင် စားနပ်ရိက္ခာများနှင့် လဲလှယ်ခဲ့သည့် ငွေဆံထိုးမှာလည်း ဘယ်ရောက်သွားမှန်း မသိတော့ပေ။

လမ်းသွားလမ်းလာတစ်ဦးဦးက ခိုးယူသွားခြင်း ဖြစ်နိုင်သလို လမ်းတစ်နေရာရာတွင် ကျပျောက်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

သို့သော် ယခုအချိန်တွင် ဆံထိုးက အရေးမကြီးတော့ချေ။

ထိုဆံထိုးကို ပြန်ရှာတွေ့ပြီး ပေါင်နှံလိုက်လျှင်တောင် လူခြောက်ဦး ဆောင်းရာသီတစ်လျှောက် ရှင်သန်နိုင်ရန် လုံလောက်သည့် ရိက္ခာကို ဝယ်ယူနိုင်မည် မဟုတ်ချေ။

“ငတ်မွတ်ခေါင်းပါးတဲ့နှစ်... စားစရာရိက္ခာလည်း မရှိဘူး။ ဒီနေရာက ဆောင်းရာသီက တကယ်ပဲ လူသတ်နိုင်တယ်ဟ...”

ဂျန်းချန်သည် အခြေအနေကို မည်သို့ ဖြေရှင်းရမည်မှန်း ခဏတာ ဝေခွဲမရ ဖြစ်သွားတော့သည်။

ဝတ္ထုထဲက ဇာတ်လိုက်တွေလို ဆားချက်ရမလား ဒါမှမဟုတ် အရက်ချက်ရမလား...

သို့သော် ကိုယ်ပိုင်ဆားထုတ်လုပ်ခြင်းမှာ တရားမဝင်သလို အရက်ချက်ရန်လည်း ကောက်ပဲသီးနှံ အမြောက်အမြား လိုအပ်ပေသည်။

သူကိုယ်တိုင်ပင် အခု အငတ်ဘေးနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် သီးနှံတွေကို ဘယ်နေရာကနေ ရှာရမလဲမသိချေ။

ထိုသို့ တွေးတောနေစဉ် ဂျန်းချန်သည် ရင်ဘတ်အတွင်းမှ နွေးထွေးမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။

နောက်တစ်ခဏတွင် သူ့ရှေ့၌ ရှေးဟောင်းလိပ်ခွံတစ်ခု ပေါ်လာခဲ့၏။

“ဒါ ဘာကြီးလဲ”

ထိုရင်းနှီးနေသော လိပ်ခွံကို မြင်လိုက်ရသည့်အခါ ဂျန်းချန် အံ့အားသင့်သွား၏။

သူ ရေထဲကျသွားစဉ်က တစ်စုံတစ်ခုနှင့် ထိမိခဲ့သည့်အကြောင်းကို ခပ်ရေးရေး မှတ်မိနေသေးသည်။

ထိုအရာ၏ ပုံသဏ္ဍာန်က...

လိပ်ခွံတစ်ခု ဖြစ်ပုံရသည်။

“ငါ ဒီကမ္ဘာကို ကူးပြောင်းလာရတာ... ဒါကြောင့်များလား”

ဂျန်းချန်သည် မျက်လုံးများကို ကျဉ်းမြောင်းကာ လိပ်ခွံကို သေချာစွာ စစ်ဆေးကြည့်လိုက်၏။

လိပ်ခွံတစ်ခုလုံးမှာ တောက်ပသော အလင်းရောင်များ ဖုံးလွှမ်းနေပြီး အပေါ်ဘက်တွင်လည်း မှိန်ဖျော့ဖျော့နှင့် ခွဲခြားရခက်သည့် ကြယ်တစ်စင်း လွင့်မျောနေပေသည်။

ထိုကြယ်နှင့် လိပ်ခွံဆုံရာ နယ်နိမိတ်တွင် စာလုံးနှစ်လုံး ပေါ်လာခဲ့သည်။

[မမြင်နိုင်သောအရာ]

“မမြင်နိုင်တဲ့အရာ... ဒါပေမဲ့ ကြိုတင်ဟောကိန်းတော့ ထုတ်ပေးနိုင်တယ်ပေါ့”

ဂျန်းချန်၏ အသက်ရှူသံများ ချက်ချင်း မြန်ဆန်လာခဲ့သည်။

အကယ်၍ ဒီလိပ်ခွံက အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်ပေးနိုင်မယ်ဆိုရင်...

သူ့အတွက် ကံကောင်းခြင်းတွေကို ရှာဖွေပေးပြီး ဘေးဥပဒ်တွေကို ရှောင်ရှားနိုင်အောင် ကူညီပေးနိုင်တော့မည်ဖြစ်သည်။

စိတ်လှုပ်ရှားမှုကို အတင်းအကျပ် ထိန်းချုပ်ရင်း ဂျန်းချန်သည် လိပ်ခွံကို လက်ဖြင့် အသာထိလိုက်၏။

ရှဲခနဲ အသံတစ်ချက် ထွက်ပေါ်လာသည်နှင့် မမြင်နိုင်သောအရာ ဟူသော စာလုံးနှစ်လုံးသည် တဖြည်းဖြည်း ပြောင်းလဲသွားပြီး...

ဟောကိန်း ဟူသော စာလုံးများ ဖြစ်လာခဲ့သည်။

ထိုအခိုက် လိပ်ခွံတစ်ခုလုံး တုန်ခါသွားပြီး ဝါးခြမ်းပြားသုံးချပ်မှာ အတွင်းမှ ထွက်လာခဲ့သည်။

လိပ်ခွံနှင့် ဝါးခြမ်းပြားများပေါ်တွင် စာလုံးငယ်လေးများ တဖြည်းဖြည်း ပေါ်လာခဲ့၏။

[ယနေ့ကံကြမ္မာ - အလယ်အလတ်/ပုံမှန်]

[အနည်းငယ် မင်္ဂလာရှိသောဟောကိန်း - တောင်နက်လေး၏ တောင်ဘက်တောင်စောင်းတွင် လမ်းပျောက်နေသော ယုန်တစ်ကောင်သည် တစ်စုံတစ်ခုနှင့် တိုက်မိပြီး နှင်းထဲတွင် သေဆုံးနေသည်။ နေ့လယ်မတိုင်မီ ထိုနေရာသို့ သွားရောက်ပါက အကျိုးအမြတ်အချို့ ရရှိနိုင်သည်။]

[အလယ်အလတ် မင်္ဂလာရှိသောဟောကိန်း - တောင်နက်လေး၏ တောင်ဘက်တောင်ထွတ်တွင် သမင်နီအချို့ ကျက်စားနေသည်။ အမဲလိုက်လေးကို ယူဆောင်သွားပါက အကျိုးအမြတ်အချို့ ရရှိနိုင်သည်။]

[ကြီးမားသော နိမိတ် - ဝံပုလွေဘုရင်အိုသည် ဝံပုလွေဘုရင်သစ်၏ အနိုင်ယူခြင်းကို ခံလိုက်ရပြီး တောင်နက်လေး၏ မြောက်ဘက်တောင်ခြေသို့ နှင်ထုတ်ခံထားရသည်။ အကယ်၍ ဝံပုလွေသားရေကို ရရှိနိုင်ပါက အကျိုးအမြတ်ကြီးကြီးမားမား ရရှိနိုင်သည်။ သို့သော် ဝံပုလွေဘုရင်၏ တိုက်ခိုက်မှုကို သတိထားရမည်။]

အခန်း (၂) မိသားစု

ဂျန်းချန်သည် သူ့ရှေ့ရှိ ဝါးခြမ်းပြားပေါ်မှ စာလုံးများကို ကြည့်ရင်း စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်တော့ပေ။

"ဒါက ကံကောင်းခြင်းနဲ့ ဘေးဆိုးတွေကို ကြိုတင်တွက်ချက်ပေးနိုင်တဲ့ တကယ့် အနာဂတ်ဟောကိန်းပဲ"

ဤဗေဒင်နည်းလမ်းသာရှိလျှင် သူ အငတ်ဘေးကြုံရမည်ကို စိုးရိမ်စရာမလိုတော့ချေ။ထို့အပြင် နေ့စဉ် ကံကြမ္မာအဆိုးအကောင်းကို တွက်ချက်နိုင်မည်ဆိုပါက ၎င်း၏ အံ့သြဖွယ် အသုံးဝင်မှုများမှာ အဆုံးမရှိနိုင်တော့ပေ။

စိတ်လှုပ်ရှားမှုများ အနည်းငယ်ငြိမ်သက်သွားပြီးနောက် ဂျန်းချန်သည် ဝါးခြမ်းပြားပေါ်မှ စာလုံးများကို သေချာ ဖတ်လိုက်၏။

"ပြေးရင်း တိုက်မိပြီး သေသွားတဲ့ ယုန်တစ်ကောင်လား။ ဒါက အလကားရမယ့် အသားပဲ။"

ပထမဆုံး ဟောကိန်းဝါးခြမ်းပြားက ဂျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ဒါသာ အမှန်ဆိုလျှင် ယနေ့ပင် သူ၏ စားဝတ်နေရေး အခြေအနေကို ကယ်တင်နိုင်မည် ဖြစ်သည်။

ထို့နောက် ဂျန်းချန်သည် ဒုတိယမြောက် ဝါးခြမ်းပြားကို ဆက်လက်ကြည့်ရှုလိုက်၏။

"သမင်နီတဲ့လား၊ အနက်ရောင်တောင်ငယ်လေးမှာ သမင်နီတွေ ရှိနေသေးတာလား"

အကယ်၍ တစ်ကောင်လောက်သာ အမဲလိုက်နိုင်ခဲ့လျှင် သမင်နီတစ်ကောင်မှရသော အသားသည် အချိန်အတော်ကြာ စားသုံးနိုင်မည်ဖြစ်ပြီး သားရေကိုလည်း ငွေရရန် ရောင်းချနိုင်ပေသည်။

အလွန် တန်ဖိုးကြီးသည်ဟု မဆိုနိုင်သော်လည်း ဂျန်းမိသားစုကို တစ်လ သို့မဟုတ် နှစ်လခန့် ထောက်ပံ့ပေးရန် လုံလောက်ပေလိမ့်မည်။

သို့သော် သူသည် လေးပစ်ခြင်းကို မတတ်ကျွမ်းသည့်အပြင် လောလောဆယ်တွင်လည်း အခြားသော နည်းလမ်းမရှိသေးပေ။

ဂျန်းချန်၏ အကြည့်များသည် ပထမမြောက် ဝါးခြမ်းပြားဆီသို့ ပြန်လည်ရောက်ရှိသွား၏။

"ငါ ယုန်ကိုပဲ သွားပြီးကောက်သင့်တယ်၊ အခုငါ့အခြေအနေနဲ့ အသင့်တော်ဆုံးပဲ။ အရမ်းနောက်ကျသွားရင် တခြားလူတစ်ယောက်ယောက် ကောက်သွားနိုင်တယ်။"

တတိယမြောက် ဝါးခြမ်းပြားဖြစ်သည့် ဝံပုလွေဘုရင်ကို အမဲလိုက်ပြီး သားရေကို ယူရမည်ဆိုသည့် ကိစ္စကတော့ အိုမင်းနေသော ဝံပုလွေဘုရင်ဖြစ်ပါစေဦးတော့ ဝံပုလွေဘုရင်ဆိုသည်မှာ ဘုရင်ပင် ဖြစ်သည်။ ထိုသို့လုပ်ရန်မှာ သူ ရူးနေမှသာ ဖြစ်ပေလိမ့်မည်။

ထိုသို့ပြုလုပ်ခြင်းသည် အမဲလိုက်ခြင်း မဟုတ်ဘဲ မိမိကိုယ်ကိုယ် အစာအဖြစ် သွားရောက်ကျွေးခြင်းသာ ဖြစ်ပေလိမ့်မည်။

ဂျန်းချန် တွေဝေမနေတော့ဘဲ ပထမဆုံး ဟောကိန်းဝါးခြမ်းပြားကို လှမ်းယူလိုက်သည်။

ထိုဟောကိန်းပြားသည် သူ့လက်နှင့် ထိမိသည်နှင့် တပြိုင်နက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့၏။

ကျန်ရှိသော ဝါးခြမ်းပြားနှစ်ချပ်မှာလည်း တစ်ပြိုင်တည်း မှေးမှိန်ပျောက်ကွယ်သွားပြီး လိပ်ခွံသည်လည်း အရောင်မှိန်သွားသဖြင့် ခဏတာ ဗေဒင်တွက်ချက်ရန် မဖြစ်နိုင်တော့ကြောင်း ပြသနေပေသည်။

တောင်တန်းရှုခင်းတစ်ခုမှာ ချက်ချင်းပင် ဂျန်းချန်၏ စိတ်ထဲတွင် ပေါ်လာခဲ့၏။

ဆီးနှင်းယုန်ဖြူတစ်ကောင်သည် ခြောက်သွေ့နေသော သစ်ပင်တစ်ပင်ရှေ့တွင် သတိလစ် မေ့မြောနေပုံရသည်။၎င်းသည် သစ်ပင်ကို တိုက်မိကာ သတိလစ်သွားပုံရပြီး တစ်ညလုံး အအေးဒဏ်ခံထားရသဖြင့် လုံးဝ သေသွားခဲ့သည်မှာ ဖြစ်နိုင်ပေသည်။

"ငါ စောစောသွားမှဖြစ်မယ်။ ဝါးခြမ်းပြားက ပြောထားတာ နေ့လယ်မတိုင်ခင် သွားမှ အကျိုးအမြတ်ရမယ်တဲ့။ တခြားသူတစ်ယောက်ယောက် ကောက်သွားရင် အကြီးအကျယ် ဆုံးရှုံးရလိမ့်မယ်။"

လိပ်ခွံကို သိမ်းဆည်းလိုက်ပြီးနောက် ဂျန်းချန်သည် ထရပ်ကာ တံခါးကိုဆွဲဖွင့်၍ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

တံခါးအပြင်ဘက်တွင်မူ တံခါးကို တွန်းဖွင့်ဖို့ ဟန်ပြင်နေဟန်တူသော ပုပုသေးသေး ကောင်လေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရ၏။

ဂျန်းချန် ထွက်လာသည်ကို မြင်သောအခါ ထိုကောင်လေးသည် ထိတ်လန့်တကြား နောက်သို့ ဆုတ်သွားပြီး အသံတိုးတိုးဖြင့် ကြောက်ရွံ့စွာ ပြောလိုက်သည် "ဒုတိယဦးလေး... နိုးပြီလား။"

တံခါးအပြင်ဘက်တွင် ရပ်နေသူမှာ သူ၏ ခြောက်နှစ်အရွယ် တူဖြစ်သူ ဂျန်းနန်းဝမ် ဖြစ်သည်။

သူ၏ဆံပင်များမှာ အနည်းငယ် ဝါကြန့်ကြန့်ဖြစ်နေပြီး ခန္ဓာကိုယ်မှာ ပိန်လှီခြောက်ကပ်နေပေသည်။ အာဟာရချို့တဲ့မှုကို ရေရှည်ခံစားနေရလေ့ရှိသည့် ကျေးလက်နေ ကလေးအများစု၏ သာမန်ပုံစံအတိုင်းပင် ဖြစ်သည်။

ဂျန်းချန် သနားစိတ်ဝင်သွားပြီး မသိစိတ်အရ ကလေး၏ခေါင်းကို ပုတ်ရန် လက်လှမ်းလိုက်၏။

သို့သော် နန်းဝမ်သည် ခေါင်းကို အမြန်ဆွဲဖယ်ကာ ခြေလှမ်းအနည်းငယ်ခန့် ခပ်လှမ်းလှမ်းသို့ ပြေးသွားရင်း "အဖိုးက ထမင်းစားဖို့ ဧည့်ခန်းမဆောင်ကို လာခဲ့ပါတဲ့" ဟု လှမ်းပြောလိုက်သည်။

ဂျန်းချန် လက်ကို အနေခက်စွာ ပြန်ရုတ်လိုက်ရ၏။ ဤမိသားစုတွင် သူ၏ တူလေးပင်လျှင် သူ့ကို မုန်းတီးနေပုံရသည်။

မသက်မသာဖြစ်သော ခံစားချက်ဖြင့် ဂျန်းချန်သည် တူဖြစ်သူ ဂျန်းနန်းဝမ်နောက်မှ အိမ်၏ ဧည့်ခန်းမဆောင်အတွင်းသို့ လိုက်ပါသွားခဲ့သည်။

ဂျန်းမိသားစု၏ ဧည့်ခန်းမဆောင်။

လေးထောင့် စားပွဲနိမ့်လေးတစ်လုံးကို ဝိုင်း၍ လူလေးဦး ထိုင်နေကြ၏။

ဂုဏ်သရေရှိ ထိပ်ဆုံးနေရာတွင် ထိုင်နေသူမှာ သူ၏ဖခင်ဖြစ်သူ ဂျန်းယိုလင် ဖြစ်သည်။

သူ့ဆံပင်များတွင် ဆံပင်ဖြူများ ရောယှက်နေပြီး မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်ကာ နံဘေးတွင် ဝါးချိုင်းထောက်တစ်ခု တင်ထားသဖြင့် ပြင်းထန်သော ဖျားနာမှုမှ ပြန်လည်သက်သာစ လူတစ်ဦး၏ ပုံစံပေါက်နေသည်။

သို့သော်လည်း သူ၏မျက်လုံးများထဲတွင် ကြမ်းတမ်းခက်ထန်သော အရိပ်အယောင်တစ်ခု ကျန်ရှိနေသေးသည်။

ဂျန်းယိုလင်သည် တစ်ချိန်က စစ်သည်ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး စစ်မြေပြင်မှ ပြန်လာပြီးနောက် မုဆိုးတစ်ဦး ဖြစ်လာခဲ့သည်။

မိသားစု၏ လက်ရှိပိုင်ဆိုင်မှု အများစုမှာ သူ ရှာဖွေထားခဲ့ခြင်း ဖြစ်သည်။

နွေရာသီအတွင်း တောင်ပေါ်တွင် အမဲလိုက်ရင်း ဒဏ်ရာရခဲ့ပြီး ထိုဒဏ်ရာမှာ ယခုတိုင် မကျက်သေးပေ။

သူ့အစ်ကိုကြီး ဂျန်းထျန်းသည် ဘယ်ဘက်တွင် ထိုင်နေပြီး လေးထောင့်ကျသော မျက်နှာနှင့် ကျောကုန်းကုန်းပုံစံ ရှိ၏။

သူ့ဘေးတွင်မူ မရီးဖြစ်သူ ချန်ချောင်ချွေ့သည် မျက်ရည်ကျထားပုံရပြီး မျက်လုံးများ အနည်းငယ် နီမြန်းနေပေသည်။

ထို့အပြင် ဂျန်းနန်းဝမ်ထက် အနည်းငယ် အသက်ကြီးသော မိန်းကလေးတစ်ဦးလည်း အောက်ဘက်တွင် ထိုင်နေ၏။ထိုမိန်းကလေးမှာ သူ၏ ၁၂ နှစ်အရွယ် တူမဖြစ်သူ ဂျန်းရှောင်ယွင်ပင် ဖြစ်သည်။

ဂျန်းချန် အခန်းထဲသို့ ခြေလှမ်းကျဲကျဲနှင့်ဝင်လာပြီး ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်သည်။

"အဖေ၊ အစ်ကိုကြီး၊ မရီး။"

သူသည် အဆူအဆဲခံရရန် သို့မဟုတ် အရိုက်ခံရရန် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။

ဤခန္ဓာကိုယ်ကို ရယူထားသည့်အတွက် ပေးဆပ်ရမည့် တန်ဖိုးတစ်ခုအဖြစ် မူလပိုင်ရှင်၏ အပြစ်ကို သူကိုယ်တိုင် တာဝန်ယူရမည်ဟု သဘောထားခြင်းပင်။

ဂျန်းချန် ဝင်လာသည်ကို ဂျန်းယိုလင် မြင်သောအခါ သူ၏အကြည့်များ ပျော့ပျောင်းသွား၏။

"အပြင်မှာ အရမ်းအေးတာ။ မင်း တစ်ညလုံး အပြင်မှာ အိပ်ခဲ့တာဆိုတော့ နှင်းကိုက်ဒဏ်ရာ မရဘူးလား။ သမားတော်တစ်ယောက်ယောက်ကို ခေါ်ပြရမလား"

အစ်ကိုဖြစ်သူဂျန်းထျန်းကလည်း လှည့်ကြည့်ကာ "နောက်တစ်ခါ အဲဒီလောက် အိမ်ပြန်နောက်မကျနဲ့။ မနေ့က အဖေ ကိုယ်တိုင်တောင် မင်းကို လိုက်ရှာဖို့ ထွက်တော့မလို့။"

ဂျန်းချန် အံ့အားသင့်သွားခဲ့၏။ မူလပိုင်ရှင်သည် သူ့မိသားစု၏ ဆောင်းရာသီရိက္ခာများကို အရက်နှင့် အသားအတွက် ရောင်းစားခဲ့သည့်တိုင်အောင် သူ့ဖခင်နှင့် အစ်ကိုကြီး၏ တုံ့ပြန်မှုက ဤမျှပင်လော။

မူလပိုင်ရှင်သည် ထိုကဲ့သို့သော စရိုက်ဆိုးမျိုး ဖြစ်လာခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

သို့သော် ထိုတုံ့ပြန်မှုက ဂျန်းချန်ကို ပို၍ အပြစ်ရှိသလို ခံစားရစေသည်။

သူ စကားတစ်ခွန်းပြောလိုက်၏။

"အဖေ၊ အစ်ကိုကြီး၊ မရီး... ကျွန်တော် မှားသွားပါတယ်။ နောက်တစ်ခါ ဒီလို မလုပ်တော့ပါဘူး..."

ဂျန်းယိုလင်၊ ဂျန်းထျန်းနှင့် ချန်ချောင်ချွေ့တို့ အားလုံး အံ့အားသင့်သော မျက်လုံးများဖြင့် တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။

ထိုကဲ့သို့သော စကားမျိုး ပြောလိမ့်မည်ဟု မယုံကြည်နိုင်ကြပုံရသည်။

တောင်းပန်စကားပြောတယ် ဟုတ်လား....

ဂျန်းချန်သည် ယခင်ကယခုထက် ပိုဆိုးရွားသော ကိစ္စများကို လုပ်ခဲ့ဖူးသော်လည်း ဘယ်သောအခါမှ အမှားကိုဝန်မခံခဲ့ဖူးချေ။

ဂျန်းယိုလင်၏ ရင်ဘတ်မှာ စိတ်လှုပ်ရှားမှုကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့၏။

"ကိုယ့်အမှားကိုယ် သိတာ ကောင်းပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်သူက အမှားမလုပ်ဖူးလို့လဲ လာ လာ၊ အမြန်ထိုင်ပြီး စားကြစို့။"

ထိုအခါမှသာ ဂျန်းချန်သည် စားပွဲတွင် ပြန်ထိုင်လိုက်ပြီး သူ့ရှေ့တွင်မူ မြေအိုးခွက်တစ်လုံး ချထား၏။

ခွက်ထဲတွင် နှံစားပြောင်းဆန်ပြုတ် အနည်းငယ် ပါရှိလေသည်။

ဆန်ပြုတ်ဟုပင် မခေါ်ဆိုသင့်ဘဲ ဆန်ဆေးရေဟုသာ ခေါ်သင့်ပေလိမ့်မည်။

ခွက်၏အောက်ခြေတွင် ဆန်စေ့အနည်းငယ်သာ အနည်ထိုင်နေချေသည်။

သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူ့ခွက်ကသာအပျစ်ဆုံး ဖြစ်နေပေသည်။ သူ့အစ်ကိုနှင့် မရီးတို့၏ ခွက်များမှာမူ အောက်ခြေကို အတိုင်းသား မြင်နေရလောက်အောင် ကျဲပါးလှ၏။

ဂျန်းချန် ဤအရာကို အမှန်တကယ် မစားရက်သဖြင့် ခေါင်းယမ်းလိုက်သည်။

"ကျွန်တော် ဒါ မစားတော့ပါဘူး။"

ဂျန်းထျန်းက မော့ကြည့်ပြီး "အိမ်မှာ တခြားစားစရာဘာမှ မရှိတော့ဘူး။ ငါ အပြင်ကနေ ရိက္ခာနည်းနည်း ချေးလာပြီးရင် မင်းမရီးကို ဒီထက်ပျစ်တဲ့ ဆန်ပြုတ် ပြုတ်ခိုင်းပေးမယ်။"

ဂျန်းချန်သည် သူ၏ခွက်ကို ကောက်ကိုင်ကာ နှံစားပြောင်းဆန်ပြုတ်များကို တူမနှင့် တူဖြစ်သူတို့၏ ခွက်များထဲသို့ ခွဲထည့်ပေးလိုက်၏။

"ကျွန်တော် မနေ့က အများကြီး စားထားတာဆိုတော့ အခု ဗိုက်မဆာသေးလို့ပါ။"

ဂျန်းယိုလင်က ကျေနပ်စွာ ပြုံးလိုက်သည်။

"အငယ်ကောင်က အတော်လေး သိတတ်လာပြီပဲ။"

ထို့နောက် ဖခင်ဖြစ်သူသည် မရီးဖြစ်သူ ချန်ချောင်ချွေ့ဘက်သို့ အသနားခံသော မျက်နှာရိပ်မျက်နှာကဲဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ချောင်ချွေ့ရယ် အငယ်ကောင်က ငယ်သေးတာပဲ၊ သူလည်း အမှားသိနေပါပြီ။ သူ အိမ်ထောင်ပြုပြီးတဲ့အထိ စောင့်ပြီးမှပဲ အိမ်ခွဲတာပေါ့ကွယ်။"

ဂျန်းချန် မရောက်လာမီက မရီးဖြစ်သူ ချန်ချောင်ချွေ့သည် အိမ်ခွဲရန် ငြင်းခုံနေခဲ့ခြင်း ဖြစ်သည်။

ဂျန်းချန် ထိုကဲ့သို့သော အရာမျိုး လုပ်ခဲ့သည်ကို ကြည့်ပါက ချန်ချောင်ချွေ့၏ တောင်းဆိုချက်မှာ အလွန်ပင် သဘာဝကျလှပေသည်။

ဂျန်းယိုလင်သည် အိမ်ထောင်ဦးစီးဖြစ်သော်လည်း ယခုအခါ သားအငယ်ဆုံးအတွက်ကြောင့် ချွေးမဖြစ်သူအား ချော့မော့ဖြောင်းဖျနေရရှာပေသည်။

ချန်ချောင်ချွေ့သည် မျက်ရည်များကို သုတ်လိုက်ရင်း "ကျွန်မ အဖေ့သဘောအတိုင်း နားထောင်ပါ့မယ်၊ ဒါပေမဲ့ ဒီအတိုင်းသာ ဆက်ဖြစ်နေရင်တော့ ကျွန်မတို့ တကယ် အသက်ရှင်ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး..." ဟု ပြောလိုက်၏။

အဓိကရိက္ခာကို ရောင်းပြီး အရက်နှင့် အသားသောက်စားပစ်သည်ဆိုသော ကိစ္စမှာ နေရာတကာတွင် ကဲ့ရဲ့ရှုတ်ချမှုနှင့် ကျိန်ဆဲမှုများကို ခံရမည့် ကိစ္စမျိုး ဖြစ်သည်။

"အေးပါ ကောင်းပါပြီ၊ ကောင်းပါပြီ" ဂျန်းယိုလင် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်တော့သည်။

သူ့သားအကြီးမှာ ဘယ်သူမှ မပြောရဘဲနှင့်ပင် မူလကတည်းက သူ့ညီငယ်ဘက်မှ အမြဲရပ်တည်ပေးတတ်သူဖြစ်ကြောင်း သူ သိထားပေသည်။

ချွေးမ၏ နောက်ဆုံးစကားတစ်ဝက်ကိုမူ သူ မကြားဟန်သာ ဆောင်လိုက်၏။

ထို့နောက် ဂျန်းယိုလင်သည် သူ၏ခွက်ထဲမှ နှံစားပြောင်းဆန်ပြုတ် ထက်ဝက်ကို ဂျန်းချန်၏ ခွက်ထဲသို့ ငှဲ့ထည့်ပေးလိုက်သည်။

"မင်း အအေးဒဏ်လည်း ခံထားရပြီး အကြာကြီးလဲနေခဲ့တာဆိုတော့ တစ်ခုခုတော့ စားသင့်တယ်။"

"ဒီနှစ် အိမ်မှာ စားစရာ သိပ်မရှိတာ အမှန်ပဲ။ ဒီဆောင်းရာသီကို ဖြတ်ကျော်ပြီး ငါ တောင်ပေါ် ပြန်တက်နိုင်ရင် အခြေအနေတွေ အများကြီး ပိုကောင်းလာမှာပါ။"

ဂျန်းချန် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချမိပေသည်။

အမှားလုပ်ခဲ့သူမှာ သူကိုယ်တိုင်ဖြစ်သော်လည်း ဂျန်းယိုလင်ကမူ သူကိုယ်တိုင် အပြစ်ရှိသကဲ့သို့ ပြုမူနေချေသည်။

မူလပိုင်ရှင်သည် ဒီလောက်အလိုလိုက်ခံရသောကြောင့် ခုလိုစရိုက်ဆိုးမျိုး ဖြစ်လာခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။

ထို့အပြင် သူ့ဖခင်၏ ခြေထောက်ဒဏ်ရာအရဆိုလျှင် တစ်နပ်ကို ဆန်ပြုတ်တစ်ဝက်မျှသာ သောက်သုံးရုံဖြင့် အမှန်တကယ် ပြန်လည်သက်သာလာနိုင်မည်လော။

ထိုနေရာရှိ လူအနည်းငယ်မှာ စကားဆက်မပြောကြတော့ဘဲ ဆန်ပြုတ်ကို စတင်သောက်ကြတော့သည်။

တူဖြစ်သူ ဂျန်းနန်းဝမ်သည် သူ၏ဝေစုကို လည်ချောင်းထဲ အမြန်မော့သောက်လိုက်ပြီး ခွက်ကို ပြောင်လက်သွားသည်အထိ လျှာဖြင့် ရက်လိုက်သော်လည်း ဝမ်းဗိုက်ကို နာကျင်စွာ ပွတ်သပ်နေဆဲဖြစ်ရာ ဗိုက်မဝသေးကြောင်း သိသာလှပေသည်။

‹ ရှေ့အခန်းနောက်အခန်း ›